Let's Go We'll make special memories and great moments for you.

"ဖိုးတုတ်တို့၊ ဂန္ဓာမာကြီးတို့၊ စိန်ဓားမြှောင်တို့၊ မမလွီဇာတို့၊ ကိုးသိန်းသခင်တို့နဲ့...ခရီးသွားကြမလား" ကဲ...ဒါဆို..Let'...
27/10/2024

"ဖိုးတုတ်တို့၊ ဂန္ဓာမာကြီးတို့၊ စိန်ဓားမြှောင်တို့၊ မမလွီဇာတို့၊ ကိုးသိန်းသခင်တို့နဲ့...ခရီးသွားကြမလား"

ကဲ...ဒါဆို..Let's Go ရဲ့ ပထမဆုံး ခရီးစဉ်ကို.ဆက်သွယ်လိုက်ပါတော့။

Let's Go ရဲ့ ပထမခြေလှမ်းအဖြစ်.. The Guys of ဝတ္ထု Series ၊ AVA ဝတ္ထု Series တွေနဲ့ အောင်မြင်ခဲ့တဲ့ စာရေးဆရာ ခက်ဇော် နဲ့ စတင်မှာဖြစ်ပါတယ်။

Let's Go With Khet Zaw!!!

ဆရာခက်ဇော်နေထိုင်တဲ့ ချင်းမိုင်မြို့လေးဆီ Let's Go နဲ့အတူ သွားလည်ကြမယ်။

ဆရာခက်ဇော်က ချင်းမိုင် လို့ခေါ်တဲ့ ဇင်းမယ်၊ ဟာရိပုဉ္စန လို့ခေါ်တဲ့ လန်ဖွန်း၊ လပုန်း လို့ခေါ်တဲ့ လန်ပန်း စတဲ့ မြို့တွေ ရဲ့ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာနေရာတွေကို လိုက်ပို့ရင်း..တချိန်တုန်းက အဲ့ဒီနေရာတွေမှာ ဖြစ်တည်ခဲ့တဲ့ မြန်မာပြည်နဲ့ သက်ဆိုင်တဲ့ သမိုင်းဇာတ်လမ်းတွေနဲ့အတူ လွမ်းမောဖွယ် အတိတ်နေ့များဆီ ပြန်ခေါ်သွားပါလိမ့်မယ်။

အရင်က လာနေကျ ချင်းမိုင်ခရီးစဉ်တွေနဲ့ မတူပဲ...ချင်းမိုင်ရဲ့ အနုပညာ၊ ယဉ်ကျေးမှု၊ သမိုင်းဆိုင်ရာပြတိုက်တွေ၊ လူသိနည်းတဲ့ သမိုင်းဝင်နေရာတွေဆီ အဓိက ဦးတည် သွားကြမှာပါ။

ညပိုင်းတွေမှာလည်း သဘာဝရှုခင်းတွေနဲ့ တောင်ပေါ်ညချမ်းလေးတွေမှာ ဆရာခက်ဇော်က ညစာတည့်ခင်းဧည့်ခံရင်း မေးကြ၊ ဖြေကြ၊ ပြောကြ၊ ဆိုကြ စကားဝိုင်းလေးတွေလုပ်ကြမယ်။
သူ့အကြိုက် ယမကာလေးတွေလည်း ပါးပါးပုတ်ကြတာပေါ့။

ကျွန်တော်တို့ Let's Go အဖွဲ့သားတွေကလည်း အကောင်းဆုံးသောဝန်ဆောင်မှုတွေနဲ့အတူ ဘေးနားမှာ အသင့်ရှိနေမှာပါ။

Let's Go ရဲ့ ပထမဆုံး ခရီးစဉ်လေးမှာတော့

✅Day 1
-ချင်းမိုင် လေဆိပ်/ကားဂိတ်/ရထားဂိတ် ကြို
✅Day 2
-Chiang Mai 🔄 Lampang Day Trip
✅Day 3
-Chaing Mai 🔄 Lamphum Day Trip
-Doi Inthanon ညအိပ်
✅Day 4
-Doi Inthanon Day Trip
-ချင်းမိုင် လေဆိပ်/ကားဂိတ်/ရထားဂိတ် ပို့

စတဲ့ 3 ညအိပ် 4 ရက် ခရီးစဉ်ပို့ဆောင်ပေးမှာဖြစ်ပြီး ခရီးစဉ်ထဲမှာ

✅ 3 star 4 star အဆင့်ရှိတဲ့ Hotel နဲ့ Homestay များ
✅ ခရီးစဉ်တစ်လျောက် အဆင့်မြင့် Vip Van ကားများနဲ့ Transportation များ
✅ လေဆိပ်၊ ကားဂိတ် ၊ Hotel အကြို အပို့များ
✅ ခရီးစဉ်တစ်လျောက် သက်ဆိုင်ရာဝင်ကြေးများ
✅ ထိုင်းနိုင်ငံမြောက်ပိုင်း ရိုးရာစာများနဲ့ Breakfast, Dinner နဲ့ Lunch များ
✅ Community event များ ( မီးပုံပွဲများ ၊ ပြဇာတ်များ)

ပါဝင်မှာဖြစ်ပြီး


❗️ခရီးစရိတ်အနေနဲ့ တစ်ယောက်ကို 25000 Baht ကျသင့်မှာ ဖြစ်ပါတယ် ခင်ဗျ

အသေးစိတ် သိရှိလို့ပါက Page messenger
(သို့)
☎️ +66624577088
☎️ +66616272300
☎️ +66816363417

🇹🇭 Ph no , Whatapps, Viper , Line များမှ ဆက်သွယ် မေးမြန်းနိုင်ပါသည် ခင်ဗျ🙏🙏🙏

“ခရီးတွေ အများကြီးထွက်ဖူးကြလားခင်ဗျ။ “             ထွက်ဖူးကြမှာပါ ...ခရီးတွေ ထွက်ဖို့အတွက် ကျွန်‌တော်တို့ရဲ့ Let's Go wi...
24/10/2024

“ခရီးတွေ အများကြီးထွက်ဖူးကြလားခင်ဗျ။ “
ထွက်ဖူးကြမှာပါ ...
ခရီးတွေ ထွက်ဖို့အတွက် ကျွန်‌တော်တို့ရဲ့
Let's Go with ... အစီအစဉ်ကို နို၀င်ဘာလမှာစတင်တာ့မှာ ဖြစ်ပါတယ်ခင်ဗျ...

ကျွန်‌တော်တို့ Let's Go ရဲ့ ရည်ရွယ်ချက်‌လေးကတော့ ကိုယ်သဘောကျ နှစ်သက်တဲ့ အနုပညာရှင်နဲ့ အတူအလည်ပတ်ခရီးစဉ်လေး ထွက်ရဖို့ဘဲ ဖြစ်ပါတယ် ခင်ဗျ....

Let's Go အစီအစဉ်မှာတော့ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆွဲကိုင်ရပ်တည်ခဲ့တာကြောင့်အမိ‌မြေကို စွန့်ခွာခဲ့ရတဲ့ အနုပညာရှင်‌များ ပါ၀င်လာမှာဖြစ်ပါတယ်ခင်ဗျ....

ကျွန်တာ်တို့ Let's Go အဖွဲ့သားတွေရဲ့ အကောင်းဆုံး‌ သော ခရီးစဉ် ၀န်ဆောင်မှုများနဲ့ ဒီအစီစဉ်လေးမှာအတူ ရှိနေမှာပါ ခင်ဗျ။

Let's Go ရဲ့ အစီအစဉ်မှာ ဘယ်အနုပညာရှင်၊ ဘယ်ခရီးစဉ် တွေ ပါ၀င်လာမလဲဆိုတာ စောင့်မျှော် ပေးကြပါဦီးခင်ဗျ။

ရှမ်းခေါက်ဆွဲသူပုန် (သို့မဟုတ်) ၂၀ ရာစုအစပိုင်း ထိုင်းမြောက်ပိုင်းပုန်ကန်မှုအပိုင်း(၁).....................................
20/08/2024

ရှမ်းခေါက်ဆွဲသူပုန် (သို့မဟုတ်) ၂၀ ရာစုအစပိုင်း ထိုင်းမြောက်ပိုင်းပုန်ကန်မှု
အပိုင်း(၁)..............................................................................................
သင်္ချိုင်းအုတ်ဂူထဲမှ ခြေရာအစ......................................................
ချင်းမိုင် ဘူတာနှင့် မနီးမဝေး၊ ချင်းမိုင် - လန်ဖုန်းကားလမ်းနဘေး ၊ သစ်ပင်များအုံ့ဆိုင်းနေသည့် ခပ်ကျဉ်းကျဉ်း သင်္ချိုင်းမြေကလေး။

“Foreign Cemetery”ဟု ဆိုင်းဘုတ်ငယ်တပ်ထားသည့် သင်္ချိုင်းတံခါးကို ကျော်လွန်လိုက်ပါက ချင်းမိုင်တွင် ခေါင်းချသွားခဲ့သော ခေတ်အဆက်ဆက် ဥရောပသားတို့၏ အမှတ်တရအုတ်ဂူများအကြား လေးထောင့်ရှည်မျောမျောပုံစံဖြင့် ထူးထူးခြားခြား အထိမ်းအမှတ်အုတ်ဂူတစ်ခုကို တွေ့ရမည်။

ထိုအုတ်ဂူပေါ်တွင်ရေးထိုးထားသည့်အမည်က “Hans Makward JENSEN”။

ထိုင်းဘုရင့်အစိုးရအား ပုန်ကန်သူများကို နှိမ်နင်းပေးရင်း ၁၉၀၂ ခုနှစ် ထိုင်းမြောက်ပိုင်း (Phayao) ဖေအိုမြို့တွင်ကျဆုံးခဲ့ရသည့် အသက်(၂၄)နှစ်အရွယ် ဒိန်းမတ်လူမျိုး စစ်ဗိုလ်လေး၏ အထိမ်းအမှတ်အုတ်ဂူဖြစ်သည်။

အဆိုပါ ကပ္ပတိန်ဂျက်ဆင်၏ အထိမ်းအမှတ်အုတ်ဂူမှာ ရာစုနှစ်တစ်ခုကြာကာလအတွင်း ထိုင်းမြောက်ပိုင်းမြို့များဖြစ်သော ဖေအိုမြို့၊ လန်ပန်းမြို့တို့မှ တဆင့် ချင်းမိုင်အထိ အဆင့်ဆင့်ပြောင်း‌ရွှေ့ခံခဲ့ရ၏။

ကွယ်လွန်ပြီးနောက် နှစ်ပေါင်းများစွာအထိ ထိုင်းဘုရင်၏ အမြင့်ဆုံးသူရဲကောင်းဘွဲ့ကို ချီးမြှင့်ခံခဲ့ရပြီး ခံစားခွင့်လစာဆက်လက်ပေးထားခံရသည့် ကပ္ပတိန်ဂျက်ဆင် သည် ခေတ်သစ်ထိုင်းနိုင်ငံသမိုင်း၏ အရေးပါသော စာမျက်နှာတစ်ခုတွင်ရှိနေခဲ့သည်။

ခေတ်သစ်ထိုင်းနိုင်ငံသမိုင်းတွင် အကြီးဆုံး ပုန်ကန်မှုတစ်ခုဖြစ်သော Ngiao rebellion ခေါ် ထိုင်းမြောက်ပိုင်း ရှမ်းပုန်ကန်မှုကြီး အတွင်း ကပ္ပတိန်ဂျက်ဆင် သေဆုံးခဲ့ရခြင်းပင်။

Ngiao ဆိုသည်မှာ ထိုင်းမြောက်ပိုင်းနှင့် မြန်မာနိုင်ငံ၊ရှမ်းပြည်အရှေ့ပိုင်းရှိ တိုင်းယိုင်ရှမ်းတို့၏ ရိုးရာခေါက်ဆွဲတစ်မျိုးလည်းဖြစ်သည်။

ထိုင်းမြောက်ပိုင်းရှမ်းတို့၏ ပုန်ကန်မှုကို အနောက်တိုင်းသမိုင်းဆရာတို့က Ngiao rebellion ဟု တင်စားခေါ်ဝေါ်ရာမှာ ထိုနာမည်တွင်ခဲ့ခြင်း။
မြန်မာအမည်နှင့်ဆိုလျှင်တော့.... “ရှမ်းခေါက်ဆွဲပုန်ကန်မှု” ဟု အမည်တပ်ရမည်ပင်။

ချင်းမိုင်မြို့စွန်ရှိ နိုင်ငံခြားသားများ သင်္ချိုင်းမှ အစ ဆွဲထုတ်ရမည့်... “ရှမ်းခေါက်ဆွဲပုန်ကန်မှု”၏ ကောက်ကြောင်းများသည်....။
***

ထိုင်းမြောက်ပိုင်းရှိ ဗြိတိသျှ - ပြင်သစ်အားပြိုင်မှု........................................
၂၀ ရာစုအစောပိုင်းကာလတွင် ထိုင်းနိုင်ငံသည် ရိုးရာအုပ်ချုပ်ရေးစနစ်မှ ခေတ်သစ်အုပ်ချုပ်ရေးစနစ်ဆီသို့ စတင် လမ်းကြောင်းပြောင်းလဲလာခဲ့သည်။

၁၈၉၃ မှ စတင်ပြီး အိမ်နီးချင်းလာအိုနိုင်ငံကို ပြင်သစ်တို့ သိမ်းယူပြီးသည့်နောက် လာအိုနှင့် နယ်နိမိတ်ချင်း နီးကပ်နေသည့် ထိုင်းမြောက်ပိုင်းဒေသများတွင် ပြင်သစ်သြဇာ စတင်လွှမ်းမိုးလာခဲ့သည်။

ထိုင်းဘုရင် ချူလာလောင်ကွန်းသည် ပြင်သစ်တို့နှင့် နယ်နိမိတ်စာချုပ်များ ချုပ်ဆိုခဲ့ပြီး ထိုင်းအနေဖြင့် မဲခေါင်မြစ်၏ အနောက်ဘက် (၂၅)မိုင်အထိ စစ်တပ်များချထားခြင်းကို ရုတ်သိမ်းပေးခဲ့ရ၏။

ထိုင်း - မြန်မာ - လာအို သုံးနိုင်ငံစုံရာ ထိုင်းမြောက်ဘက်ဒေသများတွင် ပြင်သစ်နှင့် ဥရောပသားများက အုပ်ချုပ်ရေး အထူးအခွင့်အရေးများယူထားသဖြင့် ထိုဒေသများအပေါ် ဘန်ကောက်နေပြည်တော်၏ သြဇာလွှမ်းမိုးမှုမှာ တစတစ ကျဆင်းလာနေခဲ့သည်။

ထို့ကြောင့် ထိုင်းဘုရင် ချူလာလောင်ကွန်းက အုပ်ချုပ်ရေးဆိုင်ရာဉပဒေတစ်ခု ပြဌာန်းပြီး ထိုင်းမြောက်ပိုင်းရှိ Chao ခေါ်အစဉ်အလာအုပ်ချုပ်သူများ၏ အာဏာကို လျော့ချပြီး ဗဟိုဘုရင့်အစိုးရက ပိုမိုချုပ်ကိုင်လာခဲ့၏။

ထိုသို့အ‌ကြောင်းများကြောင့် ထိုင်းမြောက်ပိုင်းတလျှောက် ရှေးနှစ်ပေါင်းများစွာကတည်းကနေထိုင်လာကြပြီး ဟာရီပူချိုင်းခေါ် လန်းနာနိုင်ငံကို ထူထောင်ခဲ့ကြသည့် တိုင်းယိုင်ရှမ်းတို့နှင့် လန်းနားဒေသကို သိမ်းသွင်းနိုင်ခဲ့သည့် Siam ခေါ် တောင်ပိုင်းထိုင်းလူမျိုးအုပ်ချုပ်သူတို့အကြား ကွာဟမှုမှာလည်း ပြန်လည်ကြီးမားလာသည်။

၁၈၉၉ အောက်တိုဘာ (၁၀)ရက်နေ့တွင် ချင်းမိုင်မြို့တွင် Phya Pap ခေါင်းဆောင်သည့် လန်းနားရှမ်း ပုန်ကန်မှုတစ်ခုပေါ်ပေါက်လာပြီး အုပ်ချုပ်သူထိုင်းလူမျိုးများနှင့် တရုတ်လူမျိုးတို့ကို သတ်ဖြတ်မောင်းထုတ်သည့် လူမျိုးရေးအဓိကရုဏ်းဆန်ဆန်ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။

သို့သော် ထိုင်းအစိုးရက ထိုအဓိကရုဏ်းကို လျင်မြန်စွာ နှိမ်နင်းနိုင်လိုက်၏။

၁၈၈၅ ခုနှစ်တွင် ထိုင်းနိုင်ငံမြောက်ပိုင်း နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် အထက်မြန်မာနိုင်ငံ သည် ဗြိတိသျှလက်အောက်သို့ လုံးလုံးလျားလျားကျရောက်သွားတော့သည်။

တချိန်က မန္တလေးနေပြည်တော်၏ အာဏာစက်အောက်တွင်ရှိခဲ့သည့် ရှမ်းစော်ဘွားပြည်ထောင်များ အတွင်းတွင်လည်း ထိုရိုက်ခတ်မှုက ကြီးမားလာသည်။

မြန်မာပြည်တွင်း ဗြိတိသျှကို မလိုလားသောအုပ်စုများက ပုန်ကန်တော်လှန်ကြရာ ရှမ်းပြည်ပဒေသရာဇ်နယ်များတွင်လည်း ထိုလှိုင်းက ရိုက်ခတ်လာကြ၏။
ဒေသခံရှမ်းစော်ဘွားများအတွင်းတွင်လည်း ဗြိတိသျှကိုထောက်ခံသူအုပ်စုနှင့် မထောက်ခံသူအုပ်စုကြား တိုက်ပွဲများဖြစ်လာကြသည်။

ထို့သို့ မငြိမ်သက်မှုနှင့် စစ်ပွဲများကြောင့် ရှမ်းလူမျိုးအများအပြားမှာ ထိုင်းနိုင်ငံမြောက်ပိုင်းသို့ အမြောက်အမြား ရွှေ့ပြောင်းလာကြရ၏။

ထိုင်းမြောက်ပိုင်းမြို့များဖြစ်သော ချင်းဆိုင်၊ ချင်းဒေါင်း၊ ဖရဲ၊ ဖေအို ၊ လန်ပန်း၊ လန်ဖုန်း၊ ချင်းမိုင် စသည့် ဒေသများတွင် ရှိနှင့်ပြီးသား တိုင်းယိုင် ရှမ်းလူမျိုးများနှင့် မြန်မာပြည်မှ ဝင်ရောက်လာသော ရှမ်းလူမျိုးများ ပေါင်းစည်းမိခဲ့ကြသည်။

ထိုရှမ်းလူမျိုးများသည် အထောက်အထားမဲ့ဝင်ရောက်လာကြရသော်လည်း ဒေသခံများနှင့်လျင်မြန်စွာ အသားကျသွားပြီး ဒေသခံသစ်ထုတ်လုပ်‌ရေးလုပ်ငန်းများ၊ သတ္တုတွင်းလုပ်ငန်းများ၊ ကျွဲနွားရောင်းဝယ်ရေးလုပ်ငန်းများ၊ ပြင်သစ်ပိုင်လာအိုနိုင်ငံနှင့်ကုန်သွယ်ရေးလုပ်ငန်းများ တွင် ပါဝင်လုပ်ကိုင်ခဲ့ကြသည်။

တဆက်တည်းတွင်ပင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးအား ရရှိလိုက်သည့် ဗြိတိသျှတို့သည် သစ်ထုတ်လုပ်‌ရေးလုပ်ငန်းများ၊ သတ္တုတွင်းလုပ်ငန်းများ၊ ကျောက်မျက်တူးဖော်ခြင်းလုပ်ငန်းများကို ထိုင်းမြောက်ပိုင်းတွင် လုပ်ကိုင်ရန်အတွက် ထိုင်းဘုရင်နှင့် စာချုပ်များချုပ်ဆိုကြသည်။

ထိုင်းဘုရင့်နန်းတော်အနေဖြင့်လည်း ပြင်သစ်တို့ အသာစီးယူကာ ချုပ်ထားသော စာချုပ်များအရ နောက်ဆုတ်ပေးထားရသည့်နယ်မြေများတွင် ထိုင်းတပ်များအစား စာချုပ်တွင်အကြုံးမဝင်သည့် ဗြိတိသျှတပ်များ ထားရှိရေးကို ဆုံးဖြတ်ခဲ့ကြ၏။

မကြာမီပင် ထိုင်းမြောက်ပိုင်းသို့ ဘုံဘေဘားမားသစ်ကုမ္ပဏီနှင့်အတူ မြန်မာပြည်မှ သစ်လုပ်ငန်းကျွမ်းကျင်သူ ကန်ထရိုက်တာများ၊ စာရေးစာချီများ၊ အလုပ်သမားများသာမက ဗြိတိသျှအရာရှိများအုပ်ချုပ်သည့်စစ်တပ်အချို့ပါ ရောက်ရှိလာကြတော့သည်။

အစောပိုင်းကာလများက ထိုင်းမြောက်ပိုင်းတွင် သြဇာအာဏာတဖြည်းဖြည်းတည်ဆောက်သိမ်းသွင်းလာသည့် ပြင်သစ်တို့မှာ အင်္ဂလိပ်တို့နှင့် ထိပ်တိုက်တိုးမည့် အခြေအနေများဖြစ်လာတော့၏။

ခက်ဇော်
အပိုင်း(၂) မနက်ဖန်

စမ္မာဒေဝီသခင်မ ထံသို့...............................မွန်ဘုရင်မ လို့ ဆိုလိုက်တာနဲ့ ကျွန်တော်တို့အများစုသိကြတာက ရှင်စောပု ...
29/07/2024

စမ္မာဒေဝီသခင်မ ထံသို့...............................

မွန်ဘုရင်မ လို့ ဆိုလိုက်တာနဲ့ ကျွန်တော်တို့အများစုသိကြတာက ရှင်စောပု ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် ရှင်စောပု ထက် နှစ်ပေါင်း (၇၀၀)စောတဲ့ မွန်ဘုရင်မကြီး စမ္မာဒေဝီ ကိုတော့ သိရှိသူနည်းပါလိမ့်မယ်။

စမ္မာဒေဝီဘုရင်မကြီးရဲ့ ပိုင်နက်ကတော့ ဟာရီပူချိုင်းလို့ ခေါ် ဟိရိပုဉ္စနတိုင်းပါ။

အခု ထိုင်းမြောက်ပိုင်း ဇင်းမယ်မြို့နားက လန်ဖုန်းမြို့လေးဟာ တချိန်က ဟိရိပုဉ္စန မွန်နေပြည်တော်ကြီးပါပဲ။

၇ ရာစုနဲ့ ၈ ရာစု ကြားမှာ ကြီးကျယ်ခမ်းနားခဲ့တဲ့ ဟိရိပုဉ္စန ဟာ တခြား လာဗိုတို့လို့ မွန်ပြည်ထောင်တွေရဲ့ တိုက်ခိုက်မှုကိုလည်း ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။

စမ္မာဒေဝီသခင်မရဲ့ တိုက်ဆင်ကြီးဟာ အစွယ်အစိမ်းရောင်ရှိပြီး ရန်သူကို မုန်တိုင်းဆင်သလို ချေမှုန်းနိုင်ခဲ့ပါသတဲ့။

လန်ဖုန်းမြို့လေးမှာတော့ စမ္မာဒေဝီရဲ့ အထိမ်းအမှတ်တွေနဲ့အတူ..သူ့ရဲ့တိုက်ဆင်ကြီးအစွယ်ကို ထားရှိတဲ့ ဂူသင်္ချိုင်းပုထိုးတော်ကြီးလည်းရှိပါတယ်။

ဆင်ကြီးအစွယ်ညွှန်ရာဘက်က တိုင်းဌာနေဟာ ပျက်စီးတတ်တာမို့ ဆင်စွယ်ကို မိုးပေါ်ထောင်ကာ ဌာပနာထားတယ်လို့ ဆိုကြပါတယ်။

ဆင်စေတီရဲ့ အနောက်မှာတော့ စမ္မာဒေဝီရဲ့ သားတော်ကြီး စီးခဲ့တဲ့ တိုက်မြင်းရဲ့ ရုပ်ကလာပ်ကို တည်ထားတဲ့ စေတီရှိပါတယ်။

တချိန်က ကြီးကျယ်ခမ်းနားခဲ့တဲ့ မွန်နေပြည်လန်ဖုန်း ဟာ ခေတ်အဆက်ဆက်ကို ဖြတ်သန်းပြီးချိန်မှာတော့ ချင်းမိုင်နဲ့ နာရီဝက်ကြာခရီးမှာရှိနေတဲ့ မြို့ငယ်လေးတစ်ခုအဖြစ်သာ ကျန်ရှိနေပါတော့တယ်။

စမ္မာဒေဝီရဲ့ အငွေ့အသက်တွေနဲ့ လန်ဖုန်းမြို့လေးဆီ ဇင်းမယ် မော်‌တော်ဆိုင်ကယ်လေးတစ်စီးရှိရုံနဲ့ သက်တောင့်သက်သာ ခရီးထွက်လို့ရပါတယ်။

စမ္မာဒေဝီ သခင်မ ရုပ်ထုကိုတော့ ထိုင်းနိုင်ငံအနှံ့အပြားက စော်လိုချင် ဘဲလိုချင်တဲ့ FA များက အတွဲရအောင် လာရောက်ဆုတောင်းလေ့ရှိကြပါသတဲ့။

အဖော်မဲ့ FA ဘော်ဒါတို့လည်း ချင်းမိုင်က‌နေ Day Trip ကို မော်တော်ဆိုင်ကယ်လေးနဲ့ သွားချင်သူရင်တော့ဖြင့် ကျွန်တော်တို့ ဆားဗစ်လေးကိုဆက်သွယ်လိုက်ပါ။

https://www.facebook.com/share/p/B4v4SrwQPvQhMQWh/?mibextid=oFDknk

ခက်ဇော်

ခန်းဖန် (သို့မဟုတ်) လန်နားတော်လှန်ရေး၏ အငယ်ဆုံးခေါင်းဆောင်.........................................................ခန်းဖ...
20/07/2024

ခန်းဖန် (သို့မဟုတ်) လန်နားတော်လှန်ရေး၏ အငယ်ဆုံးခေါင်းဆောင်.........................................................
ခန်းဖန်။
၁၈ ရာစုအစောပိုင်းမှာမွေးခဲ့တဲ့ ဘိုးတော်က ဓာတ်ပုံရိုက်ခံတိုင်းမှာ နေကာမျက်မှန်နဲ့ စတိုလ်ကျကျ။

ခန်းဖန်း ဟာ မဲဟောင်ဆောင်က လန်နားရှမ်း ပဒေသရာဇ်မိသားစုတစ်ခုကနေ မွေးဖွားလာခဲ့ပါတယ်။

သူမွေးဖွားချိန် ၁၇၅၆ မှာ ထိုင်းမြောက်ပိုင်း လန်နားနိုင်ငံဟာ ဗမာထီးနန်းဖြစ်တဲ့ ညောင်ရမ်းမင်းဆက်အပြတ်၊ ကုန်းဘောင်မင်းဆက် အတက်မှာ ဗမာ့ လက်အောက်ခံအဖြစ် က ရုန်းထွက်ဖို့ ကြိုးစားဆဲကာလပါ။

ဆင်ဖြူရှင်လက်ထက် အောက်ဘက် ထိုင်းနိုင်ငံနဲ့ အင်းဝဗမာတပ်များ ဆယ်စုနှစ်နဲ့ချီ တိုက်ခိုက်နေချိန်မှာ လန်နားတော်ဝင်မိသားစုများဟာ ဗမာ့အုပ်ချုပ်မှု အပေါ် ပိုမိုစိတ်ကုန်လာကြပါပြီ။

ဘုရင့်နောင်ရဲ့သားတော် အနော်ရထာစောက စတင်ပြီး လန်နား၊ ဇင်းမယ်ဒေသကို အုပ်ချုပ်ခဲ့ကြတဲ့ ဗမာအုပ်ချုပ်ရေးစနစ်ဟာ စနစ်ကျခဲ့ပေမယ့်..ကုန်းဘောင်မင်းဆက်လက်ထက်မှာတော့ ဖရိုဖရဲ ဖြစ်လာပါတယ်။

စစ်ဘုရင်ဖြစ်တဲ့ ဆင်ဖြူရှင်မင်းဟာ အုပ်ချုပ်ရေးပိုင်းထက် စစ်ရေးကိုသာ ဦးစားပေးလာတဲ့အခါ တောင်ပိုင်းအယုဒ္ဓယကို တိုက်ခိုက်ရတဲ့ စစ်ပွဲတွေအတွက် လန်းနားဟာ လူအင်အား၊ လက်နက်အင်အား၊ ရိက္ခာ ရယူရာနေရာဖြစ်ခဲ့ပါတယ်။

တောင်ပိုင်းစစ်ပွဲကာလအတွင်း ဗမာအာဏာပိုင်တွေရဲ့ လန်းနားအပေါ် အနိုင်ကျင့်မှုတွေကြောင့် လန်နယးက တော်ဝင်အိမ်တော်တွေဟာ ဘုရင့်နောင်သွေးသား‌တွေခေတ်ကလို မဟုတ်တော့ပဲ ဗမာ့သစ္စာခံ အဖြစ်ကို ထိတ်လန့်လာကြပါပြီ။

လန်းနားဒေသမှာ ဩဇာရှိပြီးသားဖြစ်တဲ့ တော်ဝင်မျိုးနွယ် ကာဝီလ ဟာ ဗမာဘုရင်အစား ‌တောင်ပိုင်း က ဆီယမ်ဘုရင် ဖရာ့တပ်ဆင် နဲ့ ချိတ်ဆက်ပူးပေါင်းဖို့ စီမံကြပါတော့တယ်။

အဲ့ဒီကာလမှာ ကာဝီလရဲ့ ညီဖြစ်တဲ့ ခန်းဖန်ဟာ အသက် ၁၅ နှစ်ကျော်ကျော်ပဲရှိပါတယ်။

ခန်းဖန်ဟာ အကိုဖြစ်သူ ကာဝီလနဲ့အတူ ဗမာတော်လှန်ရေးမှာ စတင်ပါဝင်နေခဲ့ပါပြီ။

၁၇၇၅ ဆင်ဖြူရှင်မင်းရဲ့ နောက်ဆုံးကာလများမှာတော့ လန်နားဟာ ဗမာ့အုပ်ချုပ်မှုကို အတိအလင်းပုန်ကန်ပါတော့တယ်။

လန်းနားလွတ်မြောက်ရေးတော်လှန်မှုဟာ ဆင်ဖြူရှင်၊စဉ့်ကူးမင်း၊ ဖောင်းကားစားမောင်မောင်၊ ဗဒုံမင်းအထိ ကုန်းဘောင် မင်းဆက်လေးဆက် ကြာ မြင့်ခဲ့ပြီး ၁၇၉၀ ကျမှသာ ဗမာ့အုပ်ချုပ်မှု နှစ် ၂၀၀ ကို အဆုံးသတ်နိုင်လိုက်ပါတယ်။

သို့‌သော်လည်းပဲ ဗမာ့ထီးနန်းရဲ့ ရန်စွယ်ကို အမြဲ စိုးရိမ်နေရတဲ့ ထိုင်းမြောက်ပိုင်းလန်းနားဟာ တောင်ပိုင်းဘုရင် ရာမ ၁ ရဲ့ အရိပ်အောက်ခိုဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ထိုင်းဘုရင် ရာမ ၁ ကလည်း ကာဝီလကို ချင်းမိုင်ဘုရင်ခံအဖြစ်တင်‌မြှောက်ပါတယ်။

ကာဝီလရဲ့ ညီဖြစ်တဲ့ ခန်းဖန်ကိုတော့ မွန်မြို့ဟောင်းဖြစ်တဲ့ ဟိရိပုဉ္စန ခေါ် ဟာရီပွန်ချိုင်းကို ပြန်လည်ပြုပြင်စေပြီး လန်ဖုန်းမြို့ အဖြစ် နာမည်ပြောင်းပြီး အုပ်ချုပ်ခဲ့ပါတယ်။

ခန်းဖန် က ဂေါ်ပါတယ်။
၁၈၀၉ မှာ ခန်းဖန်ဟာ ကရင်နီစော်ဖျာ ဖားဖော်ကြီးရဲ့ သမီးနဲ့ မေတ္တာမျှ လက်ထပ်ခဲ့တဲ့အတွက်
ညီအကိုတွေထဲ သူ အချမ်းသာဆုံးပါ။

သူ့မြို့မှာ တရုတ်မူးယစ်ဂန်းစတားတွေ၊ အိန္ဒိယကုန်သည်တွေကို နေရာပေးတယ်။ မြို့တိုးတက်ရေးမှာ ဒီလူတွေကို တဖက်လှည့် အသုံးချရင်း လန်ဖုန်းဟာ ချင်းမိုင်နဲ့ကပ်လျက်မှာ စီးပွားရေးကောင်းတဲ့ မြို့လေးဖြစ်လာပါတယ်။

ကာဝီလကွယ်လွန်ပြီးနောက်ပိုင်း ခန်းဖန်းဟာ လန်နားဘုရင်ခံဖြစ်လာပါတော့တယ်။

လန်ဖုန်းရောက်တဲ့အခါ လန်ဖုန်းဘုရင်ခံဟောင်း ခန်းဖန်းရဲ့ အငွေ့အသက်တွေပါတဲ့ အိမ်တော်နဲ့ ပြတိုက်ဆီ ဒိုးလို့ရပါကြောင်း။

ခက်ဇော်

ချင်းမိုင် လမ်းမအလယ်က ထုံးစေတီ..................…......................ချင်းမိုင်မြူနီစပယ်ရုံးနဲ့ ပင်းမြစ်ဘေး ဆုံတဲ့ လမ်...
15/07/2024

ချင်းမိုင် လမ်းမအလယ်က ထုံးစေတီ..................…......................

ချင်းမိုင်မြူနီစပယ်ရုံးနဲ့ ပင်းမြစ်ဘေး ဆုံတဲ့ လမ်းဆုံတနေရာမှာ ထုံးအဖြူရောင်သုတ်ထားတဲ့ စေတီလိုလို ကျောက်တိုင်လိုလို ပုံမကျပန်းမကျ အရာ တခုကို တွေ့မိပါလိမ့်မယ်။

လူတွေ၊ကားတွေ၊ ဆိုင်ကယ်တွေ အမှတ်တမဲ့ပဲ ဖြတ်သွားနေကြတဲ့ အဲ့ဒီနေရာလေးမှာ အင်းဝ - ဇင်းမယ် စစ်ပွဲသမိုင်းတလျှောက် ပါးစပ်ရာဇဝင်တွေထဲက အထင်ကရဇာတ်လမ်းတပုဒ် ရှိနေပါတယ်။

အမြင့်ရှစ်မီတာသာရှိတဲ့ အဲ့ဒီနေရာကို Chedi Kiu လို့ခေါ်ကြပါတယ်။

ဗမာလိုဆို ကွေးစေတီလို့ ဆိုရမယ်။

၁၄ ရာစုဝန်းကျင် အင်းဝတပ်တွေ ဇင်းမယ်ကို လာရောက်ဝန်းရံတိုက်ခိုက်ကြတဲ့ ကာလတခုမှာပေါ့။

(ဗမာ နဲ့ ရှမ်းသမိုင်းတွေမှာတော့ ဒီဇာတ်လမ်းကို မတွေ့ရပါဘူး)

ဗမာတပ်တွေနဲ့ ဇင်းမယ်တပ်တွေကြား အလောင်းအစားတခုလုပ်ကြသတဲ့။

ဗမာတပ်ထဲက ရေငုတ်ကျွမ်းကျင်သူ တယောက်နဲ့ ဇင်းမယ်သားရေငုတ်ကျွမ်းကျင်သူ တယောက် ရေငုတ်ပြိုင်ကြမယ်။

ဗမာတွေရှုံးရင်လှည့်ပြန်၊ ဇင်းမယ်က ရှုံးရင် မြို့တံခါးဖွင့်ပေးမယ်တဲ့။

ဒီလိုနဲ့ ဇင်းမယ်ဘက်က "ကျောက်" ဆိုတဲ့ လူတယောက်ထွက်လာတယ်။ ကျောက်ဆိုတာ လန်းနားဘာသာနဲ့ "သခင်" လို့ အဓိပ္ပာယ်ရပါတယ်။

ဗမာဘက်ကလည်း တယောက်ထွက်လာတယ်။

ပင်းမြစ်ထဲမှာ ရေငုတ်ပြိုင်ကြတဲ့အခါ ဗမာဘက်က လူက မခံနိုင်တော့ပဲ အရင်ပေါ်လာသတဲ့။

ကျောက် ကတော့ လုံးဝပြန်ပေါ်မလာခဲ့ဘူး။

နောက်ဆုံး ဗမာတပ်တွေက ရှုံးပြီဆိုပြီး ကတိအတိုင်းလှည့်ပြန်သွားမှ ရေထဲ ဆင်းကြည့်တယ့်အခါ ကျောက် ဟာ ရေအောက်က ကျောက်တိုင်တခုမှာ အဝတ်ဖြူတစနဲ့ သူ့ကိုယ်သူ ရစ်ပတ်ချည်ပြီး အသေခံသွားတာကို တွေ့ရပါသတဲ့။

အခုမြင်ရတဲ့ ကျောက်တိုင်ဟာ ဇင်းမယ်မြို့ကြီးအတွက် အသက်အသေခံသွားတဲ့ ကျောက် ရဲ့ ဝိညာဉ်မြှပ်နှံရာ ကျောက်တိုင်ကြီးလို့ဆိုပါတယ်။

တချိန်ကတော့ ရေထဲမှာရှိခဲ့ပြီး မြစ်ကြောင်းပြောင်းသွားတဲ့အခါ သူ့အထိမ်းအမှတ်နဲ့ လွမ်းစေတီလေး တည်ထားခဲ့တာပါ။

ကျောက် ဟာ အဝတ်ဖြူနဲ့ရစ်ပတ်အသေခံခဲ့တာမို့ ဒီနေရာကို အမြဲပဲ ထုံး ဒါမှမဟုတ် ဆေးအဖြူသုတ်‌ထားပေးတာပါ။

ဒီနေရာ ဟာ ချင်းမိုင်မြို့ထဲက ၁၄ ရာစု ဂူသင်္ချိုင်းပုထိုးကြီးတခုဖြစ်တဲ့ Chedi Luang နဲ့လည်း ‌မြေအောက်ဥမင်ဆက်သွယ်ထားတယ်လို့ ဒေသခံတချို့က ယုံတမ်းအဖြစ်ပြောကြပါတယ်။

Chedi Luang ဆိုတာဟာလည်း ၁၄ ရာစုက လန်နာဘုရင်နှစ်ဆက်တိတိက တည်ထားရတဲ့ ဂူသင်္ချိုင်းပုထိုးတော်ကြီးပါ။

အဲ့ဒီပုထိုးတော်ကြီးဟာလည်း ဇင်းမယ်ဒေသရဲ့ ကိုးကွယ်ရာနတ် "အင်းသခင်" နဲ့ ဆက်စပ်နေပြန်တယ်။

ခုန "ကျောက်" ဆိုတဲ့ ရေငုတ်သမားဟာ "အင်းသခင်"နဲ့ အတူတူပဲလား..မတူဘူးလားဆိုတာ တော့ ကျွန်တော်ဆက်ရှာလိုက်ပါဦးမယ်။

ပြီးခဲ့တဲ့ နှစ်ကတော့ ချင်းမိုင်၊ စံကဖဲခရိုင်က နတ်ပွဲမှာ အင်းသခင်နတ်ဝင်ပူးတယ်ဆိုတဲ့ နတ်ကတော်တယောက်ဟာ သူ့ဟာသူ ဓါးနဲ့ထိုးလို့..မာလကီးယားသွားတဲ့သတင်းဖတ်ရပါသေးတယ်။

"အင်းသခင်" ရယ်၊ "အင်းသခင်နတ်ပွဲဓလေ့"ရယ်နဲ့ ပတ်သက်လို့လည်း ဆက်ရှာဖွေလိုက်ပါဦးမယ်။

နာမည်ကိုက ဗမာနာမည်မျိုးမို့..ဗမာ့သမိုင်း၊ ရှမ်းသမိုင်း၊ မွန်သမိုင်းတွေနဲ့ ဆက်စပ်‌နေမလားဆိုတာတော့ စိတ်ဝင်စားစရာပါ။

ခက်ဇော်

Wat Phrathat Lampang Luang (သို့) လန်နာလွတ်လပ်ရေး၏ နိဒါန်း...............,၁၅ ရာစုလောက်က ထိုင်းမြောက်ပိုင်းမှာ ပေါ်ပေါက်ခ...
14/07/2024

Wat Phrathat Lampang Luang (သို့) လန်နာလွတ်လပ်ရေး၏ နိဒါန်း...............,

၁၅ ရာစုလောက်က ထိုင်းမြောက်ပိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ ဟိရိပုဉ္စရ မွန်နိုင်ငံတော် (လန်ဖွန်း) ရဲ့
ဘုရင်မ ချမာဝတီ တည်ခဲ့တယ်လို့ဆိုတယ်။

ဒါပေမယ့်လည်း ခံတပ်ကြီးတခုနဲ့တူတဲ့ ဒီစေတီတော်ကြီး ရှေ့မှာတော့ တူမီးသေနတ်ရှည်ကို ကိုင်ထားပြီး ဓားနှစ်လက်ကိုလွယ်ထားတဲ့ စစ်သည်ရုပ်ထုတစ်ခုကိုပဲ တွေ့ရမှာပါ။

အဲ့ဒီရုပ်တုကတော့ ထိုင်းမြောက်ပိုင်း၊ လန်နာဒေသရဲ့ တော်လှန်ရေးခေါင်းဆောင် သစ်ချောင် ရဲ့ ရုပ်ထုပါပဲ။

Phraya Thipphachak လို့လည်း ထိုင်းတွေကခေါ်ကြတယ်။

ဘုရင့်နောင်တည်ထောင်ခဲ့တဲ့ တောင်ငူ ညောင်ရမ်းမင်းဆက်ရဲ့ နောက်ဆုံးကာလတွေဆီရောက်တော့မယ့်အချိန်။

တနင်္ဂနွေမင်းလက်ထက် ၁၇၃၂ မှာ အင်းဝရဲ့ ဩဇာဟာ လက်အောက်ခံဖြစ်တဲ့ ဇင်းမယ်၊ လန်ဖုန်း၊ လန်ပန်း မြို့သုံးမြို့အပေါ်မှာ အားနည်းလာခဲ့ပါပြီ။

အဲ့ဒီအချိန်မှာ ‌ရှမ်းမြို့ဖြစ်တဲ့ လန်ပန်းမြို့က ဆင်ထိန်း၊ လက်ဝှေ့သမားလည်းဖြစ်တဲ့ သစ်ချောင်က ဦးဆောင်ပြီး အင်းဝကခန့်အပ်ထားတဲ့ ဇင်းမယ်ဘုရင်ခံကို စတင်ပုန်ကန်တော်လှန်ပါတော့တယ်။

အဲ့ဒီလိုတော်လှန်ပုန်ကန်တဲ့ အချိန်မှာ သစ်ချောင်ဟာ
ဒီ Wat Phrathat Lampang Luang စေတီကုန်းပေါ်ကနေ ခံတပ်ပြုပြီး ဇင်းမယ်၊ လန်ဖုန်းတို့ကနေ ချီလာတဲ့ ဗမာဘုရင်ခံရဲ့ တပ်တွေကို ခုခံခဲ့ပါတယ်။

ဘုရားရဲ့ ခြေရင်းမှာပဲ သစ်ချောင်ဟာ သူ့ရဲ့ တူမီးသေနတ်ရှည်ကြီးနဲ့ ဗမာဘုရင်ခံကို ပစ်ခတ်လုပ်ကြံနိုင်လိုက်ပါတယ်။

ဒီလိုနဲ့..
စေတီကုန်းတော်ကြီးပေါ်ကနေ ထိုင်းမြောက်ပိုင်းရဲ့ လွတ်လပ်ရေးရောင်နီဟာ စတင်ပေါ်လာခဲ့တယ်။

နောင်ဆယ်စုနှစ်တွေမှာတော့ သစ်ချောင်ရဲ့ သား ကာဝီလဟာ တိုင်းတပါးအုပ်စိုးမှုကို အပြီးသတ်စေခဲ့ပြီး ထိုင်းနိုင်ငံရဲ့ ကာဝီလမင်းဆက်ကို ထူထောင်နိုင်ခဲ့ပါတယ်။

ခံတပ်ပုံစံ စေတီကြီး ပတ်ချာလည်မှာ နှစ်ရာချီနေပြီဖြစ်တဲ့ ကျည်ပေါက်တချို့ရှိတယ်ဆိုပေမယ့် ကျွန်တော်လိုက်ရှာကြည့်သလောက်တော့ မတွေ့ရပါဘူး။

သူရဲခိုလို ပုံစံတွေ၊ သေနတ်ထည့်ပစ်ပေါက်တွေကိုတော့ တွေ့ရပါသေးတယ်။

ထူးထူးခြားခြားအနောက်ဖက် အဆောင်တွေထဲ အိပ်ငိုက်နေတဲ့ အစောင့်အဘိုးကြီးတွေ နဲ့အတူ ကာဝီလခေတ် ထိုင်း မြန်မာစစ်ပွဲကာလမှာသုံးတဲ့ မောက်တိုတွေ၊ ဓားတွေ တွေ့ရတယ်။

ထူးထူးခြားခြား လူတရပ်လောက်ရှိပြီး ရွှေချထားတဲ့ ဓားတွေ၊ မိုးကြိုးသွားလိုဓားတွေလည်းတွေ့ရပါတယ်။

ရှမ်းအိုးစည်ရှည်ကြီးတွေရယ်၊ ယွန်းရှမ်းစာနဲ့ရေးထားတဲ့ ပေစာတွေရယ်ကိုတော့ ဓာတ်ပုံမရိုက်ရဆိုသော်ငြား ရသလောက်ခိုးရိုက်ခဲ့ပါသေးတယ်။

ထူးထူးခြားခြား ဘုရာတစ်နေရာမှာ တောင်ပြုန်းမင်းညီနောင်နှစ်ပါးနဲ့ အတော်လေးဆင်တဲ့ ငှက်ကြီးတောင်ဓါးကိုင်နတ်ရုပ်နှစ်ရုပ်လားတွေ့ခဲ့ရပါတယ်။

ခြေရင်းမှာလည်း ကျားနှစ်ကောင်ဝပ်နေတာဆိုတော့.‌.ကိုယ်တော်ကြီးကိုယ်တော်လေးတို့များ မရွှေဥ ကို ထိုင်းမြောက်ပိုင်းအထိ လာရှာခဲ့သလားလို့..။

ခက်ဇော်

ဇင်းမယ်က ဦးပန်းညို ................................... ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့လယ်၊ Charoen Prathet လမ်းပေါ်ရှိ ကေ...
13/07/2024

ဇင်းမယ်က ဦးပန်းညို
...................................

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့လယ်၊ Charoen Prathet လမ်းပေါ်ရှိ ကော်ဖီဆိုင်ကြီးတစ်ခု၏ အနောက်ဘက်သို့ ဝင်သွားတဲ့အခါ Diamond Raver Side ဟိုတယ်ဆိုသည့် ကြယ်သုံးပွင့်အဆင့်ရှိ အထပ်မြင့် ဟိုတယ်ကြီးကို တွေ့ရမည်ဖြစ်သည်။

ထိုခေတ်မီကော်ဖီဆိုင်နှင့် ဟိုတယ်ဝင်းအတွင်း “ဆိုင်ငှားမည်”ဟု ထိုင်းဘာသာဖြင့် ဆိုင်းဘုတ်တင်ထားသည့် ရှေးဟောင်းအုတ်ခံသစ်သားအိမ်ကြီးတစ်လုံးကိုတော့ လူအများက အမှုမဲ့ အမှတ်မဲ့ သတိထားမိကြမည်မဟုတ်။

ဉရောပဟန်အပြည့်ဖြင့် ခမ်းနားလှသော အုတ်တိုက်အောက်ခံ၊ အပေါ်ပိုင်းတွင် ကျွန်းသစ်များဖြင့် မွန်ဗမာ လက်သမားဆရာကြီးတို့၏ အနုစိပ်လှသော ကနုတ်ပန်းဆွဲဒီဇိုင်းများ၊ လှပသော မော်လမြိုင်ခေါင်အမိုးဖြင့် ထိုအိမ်ကြီးကား နှစ်ပေါင်း တစ်ရာ့ငါးဆယ်စွန်းစွန်းပင်ရှိခဲ့ပေပြီ။

International Institute for Asian Studies မှထုတ်ပြန်သော အရှေ့တောင်အာရှ၏ ထိပ်တန်းလေ့လာစရာပိသုကာလက်ရာများတွင်လည်း ချင်းမိုင်မြို့မှ ထိုအိမ်ကြီး က ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။

တချိန်ကတော့ ထိုအိမ်ကြီး၏ အရေးပါမှု နှင့် သြဇာသည် ဇင်းမယ်ဟု ခေါ်သော ချင်းမိုင်မြို့တင်မက ဘန်ကောက်နန်းတွင်းထဲအထိ ပျံ့နှံ့ခဲ့ဖူးသည်။

ထိုအိမ်ကြီး၏ ပိုင်ရှင်ကား အခြားမဟုတ်။

မြန်မာနိုင်ငံဖွား၊ မော်လမြိုင်သား၊ မွန်လူမျိုး သူဌေးကြီး ဦးပန်းညိုပင်။

ထိုင်းနိုင်ငံ၏ ပဉ္စမမြောက်ရာမဘုရင် ချူလာလောင်ကွန်း လက်ထက် နိုင်ငံအဝှမ်းတော်လှန်ပုန်ကန်မှုများ၊ စီးပွားရေးကျဆင်းမှုများကြောင့် အကြပ်အတည်းတွေ့နေသော ထိုင်းနန်းတွင်းအတွက် သူဌေးကြီးဦးပန်းညိုက ငွေသိန်းပေါင်းများစွာ ထုတ်ချေးခဲ့ရဖူးသည်။

ထို့အတွက် ဆဌမမြောက်ရာမဘုရင် ဝဇီရာဝုဒ က ဦးပန်းညိုအား Luang Yonakaran Phichit ခေါ် မဟာယောနကဘွဲ့ အပ်နှင်းခဲ့ရသည်ဟု ၁၉၃၅ ခုနှစ်ထုတ် သူရိယမဂ္ဂဇင်းတွင် ဓညဝတီသာအေး က ရေးသားခဲ့ဖူး၏။

ဦးပန်းညို ကို မော်လမြိုင်မြို့၊ ဒိုင်းဝန်ကွင်းရပ် တောင်ကွင်းကျောင်းဒကာကြီး ဦးမောင်ရေး နှင့် ဒေါ်ဦးတို့ မှ ၁၈၄၅ ခုနှစ် တွင် မွေးဖွားခဲ့သည်။

မောင်ပန်းညိုသည် မွေးချင်းငါးယောက်ထဲတွင် သားအကြီးဆုံးဖြစ်သည်။ မွေးချင်းများထဲတွင် မရီနှင့် မောင်မင်းဆိုသည့်အမည်မှလွဲပြီးကျန်သူများ၏ နာမည်ကို မှတ်တမ်းများတွင် ရှာမတွေ့ခဲ့။

ထိုအချိန်ကာလက မော်လမြိုင်သည် ဗြိတိသျှတို့ လက်အောက်သို့ ရောက်ရှိနေပြီဖြစ်ပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုအချက်အချာဒေသလည်းဖြစ်သည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ၊ ချင်းမိုင်ခရိုင်တို့မှတဆင့် တရုတ်နိုင်ငံတောင်ပိုင်းယူနန် တို့အကြား အဓိက ကုန်သွယ်ဆိပ်လည်းဖြစ်သည်။

ဘုံဘေဘားမားသစ်ကုမ္ပဏီ၏ ကျွန်းသစ်ကုန်သွယ်မှုတွင်လည်း အချက်အချာဆိပ်ကမ်းတစ်ခုပင်။

တချိန်တွင် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံး သူဌေးကြီးမောင်ပန်ယို ခေါ် ဦးပန်းညို ဖြစ်လာမည့် မောင်ပန်းညိုသည် အင်္ဂလိပ်ကျောင်းကို အထက်တန်းအထိတက်ရောက်ပြီးသည့်နောက် ၁၈၆၀ ကျော်ကာလများအတွင် ဗြိတိသျှဘုံဘေဘားမားကူးသန်းရောင်းဝယ်ရေးကုမ္ပဏီ ၏ မော်လမြိုင်ကျွန်းသစ်ရောင်းဝယ်ရေးဌာနတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

သံလွင်မြစ်ကြောတစ်လျှောက် ခုတ်ယူပြီးသော ကျွန်းသစ်များကို မော်လမြိုင်ဆိပ်ကမ်းသို့ စုဆောင်းရာတွင် တာဝန်ယူခဲ့၏။

မကြာမီပင် ဘုံဘေဘားမားကုမ္ပဏီမှ ထွက်ပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့သို့ သွားရောက်ကာ ဇင်းမယ်လန်နာဘုရင် ကဝီလိုရော့ဆူရီယမ်နှင့် ဘုံဘေဘားမားကုမ္ပဏီအကြား သစ်ကုန်သွယ်မှုလုပ်ငန်းများကို စတင်လုပ်ကိုင်နိုင်ရန် ကြိုးပမ်းခဲ့သည်။

၁၈၈၀ ပြည့်နှစ်တွင် ဘုံဘေဘားမားကုမ္ပဏီသည် တက်ခ်ခရိုင်၊ ချင်းမိုင်နှင့် လန်ပန်းအပါအဝင် ထိုင်းတစ်နိုင်ငံလုံးတွင် သစ်လုပ်ငန်းကို ချဲ့ထွင်လာခဲ့ပြီး ထိုင်းနိုင်ငံအတွင်းရှိ ကုမ္ပဏီပိုင်ဆင်အများစုကို ဗြိတိသျှလက်အောက်ခံ မြန်မာလူမျိုး သစ်ကန်ထရိုက်တာများထံလွှဲပြောင်းလုပ်ကိုင်ခွင့်ပြုခဲ့ရာ ထိုအထဲတွင် ဦးပန်းညိုလည်း အပါအဝင်ဖြစ်သည်။

တဖက်တွင်လည်း ဦးပန်းညိုသည် ဗြိတိသျှအင်ပါယာနိုင်ငံသားကုန်သည်တစ်ဦးဖြစ်သည့်အတွက် ဇင်းမယ်ဘုရင်ထံမှ စီးပွားရေးဆိုင်ရာအထူးအခွင့်အရေးများရရှိခဲ့သည်။

ထိုစဉ်က ဘန်ကောက်နန်းတော်၏ သြဇာအောက်သို့ မရောက်ရှိသေးသော ထိုင်းမြောက်ပိုင်းလန်နာတော်ဝင် မိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့သည့် ဦးပန်းညိုမှာ တစတစ ချမ်းသာလာခဲ့သည်။

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်မြို့အပါအဝင် အနီးအနားမြို့များဖြစ်သော Lampang၊ Lamphun၊ Phayao မြို့များရှိ Wat Mahawan၊ Wat Saen Fang၊ Wat Chetawan၊ Wat Buppharam၊ Wat Nong Kham၊ Wat Sri Don Chi၊ Wat Chiang Yuen၊ Wat Chaimongkol ၊ Wat Koh Klang ၊ Wat Chang Kham၊ Wat Chedi Liam စသော ဘုရားပုထိုးများအား ဦးပန်းညို မှ ပြုပြင်တည်ဆောက်ပေးခဲ့သည်။

ထို့အပြင် အရှေ့တောင်အာရှ၏ အဆင့်မြင့်ဆုံးပိသုကာလက်ရာများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရသည့် ချင်းမိုင်မြို့ ရှင်ဥပဂုတ္တကျောင်းတော်သည်လည်း ဦးပန်းညို ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ဘုရားစေတီများအပြင် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ လမ်းများ၊ တံတားများ၊ တူးမြောင်းများကို ဦးပန်းညို က ဆောက်လုပ်ပြုပြင်မှုများစွာ ပြုလုပ်ခဲ့သည်။

ထိုင်းမြောက်ပိုင်းဇင်းမယ်သည် ဘန်ကောက်ဘုရင် ရာမ(၅)၏ လက်အောက်သို့ ရောက်ရှိသွားသည့်အခါတွင်လည်း ဦးပန်းညို အား ဘန်ကောက်နန်းတွင်းမှ လက်လွတ်မခံခဲ့ကြ။

ရာမ (၅) ခေါ် ချူလာလောင်ကွန်ဘုရင်လက်ထက်တွင် ထိုင်းနိုင်ငံတွင်း စီးပွားရေးအကြပ်အတည်းများ၊ နေရာအနှံမှ ပုန်ကန်မှုများကို နှိမ်နင်းခဲ့ရသည်။

နန်းတွင်းတွင်လည်း စစ်စရိတ်များကြောင့် ငွေကြေးကြပ်တည်းမှုများ ကြုံတွေ့ခဲ့ရချိန်တွင် ဦးပန်းညို မှ ငွေသန်းပေါင်းများစွာ ချေးငှားကူညီခဲ့ရ၏။

ပုန်ကန်မှုများကို နှိမ်နင်းနိုင်ပြီးသည့်နောက် ထိုင်းဘုရင်မင်းမြတ်က ဦးပန်းညို အား ထိုင်းနိုင်ငံမြောက်ပိုင်းရှိ သစ်တောများတွင် သစ်ထုတ်လုပ်ခွင့်ပေးခဲ့သည်။

ချူလာလောင်ကွန်းဘုရင်နန်ရွာစံပြီး သားတော် ရာမ(၆)ခေါ် ဝဇီရာဝုဒဘုရင်မင်းမြတ်နန်းတက်သည့်အခါ ထိုင်းနိုင်ငံ၏ အမြင့်ဆုံးသူဌေးဘွဲ့များထဲမှ တစ်ခုဖြစ်သော မဟာယောနက ဘွဲ့အပ်နှင်းခဲ့၏။

ထိုင်းနိုင်ငံတွင် ဦးပန်းညိုသည် Luang Yo Luang Yanakar Phichit ဟူသောအမည်ဖြင့် ကျော်ကြားသည်။

ထိုခေတ်အခါက အချမ်းသာဆုံးဖြစ်ခဲ့သော ဦးပန်းညို ၏ အိမ်ထောင်ရေးကိစ္စမှာလည် လူတိုင်း အာရုံစိုက်စရာတစ်ခုဖြစ်ခဲ့ရသည်။

ဦးပန်းညိုတွင် တရားဝင်ဇနီးမယား (၄)ဦးရှိခဲ့ပြီး တရားမဝင်ဇနီးပေါင်းဆယ့်နှစ်ယောက်ခန့် ရှိခဲ့သည်။

ဦးပန်းညို၏ ဇနီးများမှာ ဗမာ၊ရှမ်း၊မွန်၊လာအို၊ ထိုင်း လူမျိုးပေါင်းစုံပါဝင်သည်ဟုလည်း ပြောစမှတ်ပြုခဲ့ကြ၏။

ပထမဇနီး ဒေါ်ကြွယ်နှင့် သားနှစ်ဦး၊သမီးတစ်ဦးထွန်းကားခဲ့သည်။ ‌ဒေါ်ကြွယ်ကွယ်လွန်ပြီးနောက် ဒေါ်ချင်းဟု ခေါ်သော အမျိုးသမီးနှင့်ဒုတိယအိမ်ထောင်ပြုကာသားတစ်ဦး၊သမီးတစ်ဦးမွေးဖွားခဲ့၏။ တတိယမြောက်ဇနီး၏ အမည်ကို မသိရသော်လည်း ထိုအမျိုးသမီးနှင့် သားသမီးကိုးဦးထွန်းကားခဲ့သည်။ စတုတ္ထမြောက်ဇနီးနှင့်မူ သားသမီးထွန်းကားခြင်းမရှိခဲ့။

ဦးပန်းညို ထားရစ်ခဲ့သောအမွေအနှစ်များအနက် ဆောင်းပါအစတွင်ဖော်ပြခဲ့သော Diamond Raver Side ဟိုတယ်ဝန်းအတွင်းမှ Luang Pan Yo House နှင့် ၄င်း၏ကပ်ရပ်တွင် သီးခြားတည်ရှိနေသော Mosway Manor အိမ်ကြီးတို့မှ ယနေ့တိုင်ကျန်ရှိနေသည်။

ဟိုတယ်ဝင်းအတွင်းမှ Luang Pan Yo House ရှေ့တွင် အိမ်တည်ဆောက်သည့်ခုနှစ်ကို နှောင်းလူများက ၁၈၆၀ ဟု ရေးထိုးထားသော်လည်း ထိုအချိန်က ဦးပန်းညိုမှာ မော်လမြိုင်တွင်ပင်ရှိသေးပြီး အသက်(၁၅)နှစ်အရွယ်ပင် ရှိသေးသဖြင့် မှားယွင်းနေသည်ဟု ဆိုရပေမည်။

သမိုင်းသုတေသီ Frans Betgem ကမူ အိမ်တည်ဆောက်သည့်ကာလကို ၁၉၀၀ ပြည့်နှစ်များဖြစ်နိုင်သည်ဟု ခန့်မှန်း၏။

Luang Pan Yo House ခေါ် ဦးပန်းညိုအိမ်ကြီး တည်ဆောက်ထားပုံမှာ ဥရောပနှင့် ရှေးမွန်ပိသုကာလက်ရာ ကို စနစ်တကျ ပေါင်းစပ်ထားခြင်းဖြစ်သည်။

အုတ်ခံဖြစ်သော အောက်ထပ်ကို ဉရောပပိသုကာများက တည်ဆောက်ခဲ့ကြပြီး ကျွန်းသစ်များအတိပြီးသော အပေါ်ထပ်နှင့် သီးသန့်ဘုရားခန်းဆောင်တို့ကို မော်လမြိုင်မှ မွန်လက်သမားဆရာကြီးများက တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။

ဉရောပဟန်ဖြစ်သော အောက်ထပ်ကို ဦးပန်းညိုက ရုံးခန်းအဖြစ်အသုံးပြုပြီး မွန်ပိသုကာဟန်ဖြစ်သော အပေါ်ထပ်ကို နေအိမ်အဖြစ် အသုံးပြုခဲ့သည်။

အိမ်၏ မြောက်ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်မျက်နှာစာတွင် ပန်းကနုတ်ဖော်ထားသော ဝရံတာများဖြင့် ရစ်ပတ်ထားသည်။

အိမ်တွင် မူလက အပြင်ဘက်မှတက်သော လှေကား သုံးခု ရှိပြီး အတွင်းတွင် လှေကားတစ်ခုပါရှိသည်။

ဦးပန်းညို၏ အိမ်မှာ သူလှူဒါန်းခဲ့သော ချင်းမိုင်မြို့၊ ရှင်ဥပဂုတ္တကျောင်းတော်နှင့် လက်သမားတစ်စုတည်းက တပြိုင်တည်း တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရာချင်း တူညီမှုရှိသည်ဟု International Institute for Asian Studies ၏ ဆောင်းပါးတွင် ဖော်ပြထားသည်။

Wat Upaguta ခေါ် ရှင်ဉပဂုတ္တကျောင်းတော်မှာမူ ကျောင်းထိုင်ဘုန်းတော်ကြီးတို့၏ အဆက်ဆက်ပြုပြင်မှုများကြောင့် ယခုအခါ မူလပုံစံ လုံးဝပျက်စီးသွားခဲ့ရပြီဖြစ်၏။

Mosway Manor ခေါ် မောင်ရွှေဂေဟာ သည်လည်း ဦးပန်းညိုအိမ်တည်ရှိရာ ဟိုတယ်၏ ဘေးဘက်ခြံဝန်းတွင် ယနေ့တိုင်းအကောင်းပကတိ ကျန်ရှိသေးသည်။

သော့ခတ်ထားသော ခြံစည်းရိုးအား အပြင်ဘက်မှ ချောင်းကြည့်သည့်အခါ မွန်ဗမာပိသုကာဟန်အပြည့်ဖြင့် ဆောက်လုပ်ထားသော ထိုဂေဟာကို မြင်နိုင်ပါသည်။

အိမ်‌ရှေ့ရှိ ကမ္ဗည်းပြားတွင် Mosway ၏ သားဖြစ်သူ Luang Pan Yo က တည်ဆောက်ခဲ့သည်ဟု ရေးသားထား၏။

Mosway မှာ ဦးပန်းညို၏ ဖခင် Maung Yay ကို ထိုင်းအသံထွက်ဖြင့် ရေးသားရာမှ ရွေ့လျားလာခဲ့ခြင်းဖြစ်မည်ဟု ယူဆရပါသည်။

(၁၉၁၉ ဝန်းကျင်ခန့်က Mosway Manorရှေ့တွင် ဦးပန်းညို ၏ စတုတ္ထမြောက်ဇနီးနှင့် သားသမီးကိုးယောက် ရိုက်ကူးထားသော ဓာတ်ပုံကိုဖော်ပြထားပါသည်)

Mosway Manor ၏ အနောက်ဘက်တွင် နန်းတော်မှ အဆောင်ငယ်လေးများကဲ့သို့ သီးခြားဘန်ဂလိုငယ်လေးများလည်း တွေ့ရှိရပြီး ထိုအဆောင်ငယ်လေးများကို လျှောက်လမ်းတစ်ခုတည်းဖြင့် ဆက်စပ်ထားသည်။

အစေခံများသို့မဟုတ် တရားမဝင်ဇနီးမယားများကို ထားရှိသည့် အဆောင်များဟုလည်း ယူဆရသည်။

ထိုမျှ ချမ်းသာထည်ဝါခဲ့သော မွန်သူဌေးကြီး ဦးပန်းညို မှာလည်း လောကဓံတရား၏ နိမ့်မြင့်ကို မတွန်းလှန်နိုင်ခဲ့ပေ။

၁၉၂၀ ကျော်ကာလများတွင် ကျန်းမာရေးချို့တဲ့လာခဲ့ပြီး စီးပွားရေးလည်း ကျဆင်းခဲ့ရသည်။

နောက်ဆုံးတွင် ဦးပန်းညိုပိုင်ဆိုင်သည့် ဆင်အကောင် ၃၀၀ ကျော်နှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းများကို ဘော်နီယိုကုမ္ပဏီလက်တွင်းသို့ ကျရောက်သွားခဲ့ရသည်။

၁၉၂၇ တွင် မွန်သူဌေးကြီး ဦးပန်းညိုသည် ချင်းမိုင်မြို့တွင် ပင် ကွယ်လွန်သွားခဲ့၏။

နှစ်ပေါင်းတစ်ရာသုံးဆယ်ကျော်ကြာပြီးသည့်နောက်တော့ တချိန်က ခမ်းနားထည်ဝါစွာရှိခဲ့ဖူးသည့် ဦးပန်းညို ၏ အိမ်ကြီးသည် တရုတ်ယူနန်စားသောက်ဆိုင်အဖြစ်လည်းကောင်း၊ ထိုင်းရိုးရာအနှိပ်ခန်းအဖြစ်လည်းကောင်း အဆက်ဆက်အသုံးတော်ခံခဲ့ရရှာသည်။

ယခုနောက်ဆုံး ကျွန်တော်ရောက်ရှိသွားချိန်တွင်တော့ ဦးပန်းညို၏ နေအိမ်ကို ဟိုတယ်မှ ပြင်ဆင်မှုလုပ်နေပြီး အိမ်၏ လေဝင်ပေါက် ပန်းကနုတ်များကို လွှဖြင့်တိုက်ဖြတ်ကာ လေစုပ်ပန်ကာများတပ်ဆင်နေသည်ကို စိတ်မကောင်းဖွယ်ရာတွေ့ရှိရသည်။

အရှေ့တောင်အာရှ၏ စိတ်ဝင်စားဖွယ်ရာ အထင်ကရ ပိသုကာလက်ရာတစ်ရပ်ကို ပညာရှင်များနှင့် စနစ်တကျထိန်းသိမ်းပြုပြင်ခြင်းမျိုးမဟုတ်ပဲ သာမန်အလုပ်သမားများနှင့်သာ ပြုပြင်နေကြသည်။

ဟိုတယ်ဝန်းနှင့် ဘေးကပ်လျက် Mosway Manor ခေါ် မောင်ရွှေဂေဟာ ကတော့ သော့ဂလောက်တန်းလန်းနောက်ကွယ်တွင် တိတ်ဆိတ်စွာဖြင့် ထီးထီးကြီး။

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်ကတော့ ထိုအိမ်ကြီးနှစ်အိမ်ရှေ့တွင် သစ်ကုမ္ပဏီပွဲစားများ၊ စီးပွား‌ရေးသမားများ၊ အစိုးရအရာရှိများ၊ အလုပ်သမားများဖြင့် စည်ကားနေခဲ့ပါလိမ့်မည်။

မောင်ရွှေဂေဟာရှေ့တွင်လည်း သူဌေးကြီး ဦးပန်းညို၏ ဇနီးများ၊ သားသမီးများဖြင့် သိုက်သိုက်ဝန်းဝန်းပျော်ပါးစွာ ရှိနေခဲ့ပါလိမ့်မည်။

ယခုတော့...အတိတ်သည် ပစ္စုပ္ပန်၏ မျက်ကွယ်ပြုမှုအောက်တွင် တည်ငြိမ်အေးစက်စွာ။



ခက်ဇော်

Ref; - Luang Yonakaran Phichit , A Burmese merchant in Chiang Mai by Frans Betgem

- Indigenzation of Southeast Asian Buddhist Architecture;Case Study of a Burmese Monastery at Wat Upagupta,Chiang Mai by Chotima Chaturawong

- နိုင်ငံခြားတွင် သူဌေးဘွဲ့ရသောမြန်မာတစ်ဦး ခွန်လောင်းယောနက ၊ ဓညဝတီသာအေး ၊ သူရိယမဂ္ဂဇင်း ၁၉၃၅

(ယခုဆောင်းပါးဖြစ်မြောက်ရေးအတွက် ကူညီပေးခဲ့ကြသော မွန်သမိုင်းသုတေသီ ဆရာဦးဝင်းဘို ခေါ် ဗညားအဲာဝင်၊ ချင်းမိုင်မြို့မှ ကိုသော်ဇင်၊ ထိုင်းလူမျိုးမိတ်ဆွေများဖြစ်သော Note Lanna Thai၊ Ohm Nattawut တို့အား ကျေးဇူးအထူးတင်ရှိပါသည်)

လန်ဖုန်းဘုရားက အချစ်ဇာတ်လမ်းတပုဒ်။ ဇင်းမယ်၊ လန်ဖုန်းမြို့က ဒီဘုရားကြီးဟာ မြန်မာ့သမိုင်းထဲ ဆွတ်ပျံ့ကြေကွဲဖွယ်ရာ ဇာတ်လမ်းတ...
12/07/2024

လန်ဖုန်းဘုရားက အချစ်ဇာတ်လမ်းတပုဒ်။

ဇင်းမယ်၊ လန်ဖုန်းမြို့က ဒီဘုရားကြီးဟာ မြန်မာ့သမိုင်းထဲ ဆွတ်ပျံ့ကြေကွဲဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ်နဲ့ ဆက်စပ်နေခဲ့တယ်။

၁၇၄၀ မှာ ဟံသာဝတီဟာ အင်းဝကို အတိအလင်းပုန်ကန်ပြီးတဲ့နောက် ညောင်ရမ်းဆက်တော်ဝင်သွေး နဲ့ လားဟူသွေးတဝက်ပါတဲ့ သာလှ ခေါ် သမိန်ထောဗုဒ္ဓက္ကတ္ထိကို နန်းတင်လိုက်ကြတယ်။

သာလှ ဟာ သူ့ကိုနန်းတင်ပေးတဲ့ ဟံသာဝတီက ဆင်ဝန် ဦးအောင်လှရဲ့ သမီး ဂမုန်း ခေါ် မယ်မင်းဂုံ ကို မိဖုရားတင်လိုက်ရတယ်။

မကြာခင်မှာပဲ..ဟံသာဝတီရဲ့ရန်ကို ကြောက်တဲ့ ဇင်းမယ်နားက လန်ဖုန်းမြို့စားဟာ..သူ့ရဲ့သမီးတော် နှင်းသီရိစိတ္တာကို ဆက်သလာတယ်။

သာလှ ဟာ မယ်မင်းဂုံ ထက် ဇင်းမယ်သူ နှင်းသီရိ ကိုသာ ချစ်မြတ်နိုးခဲ့ပါတယ်။

ဒီပြဿနာနဲ့ပဲ...ဦးအောင်လှ နဲ့ သာလှတို့ကြား ပြဿနာက ကြီးထွားလာတယ်။

ပိုပြီးဆိုးရွားစေတာကတော့...နှင်းသီရိစိတ္တာဟာ လန်ဖုန်းစားရဲ့ သမီးအရင်းမဟုတ်ပဲ...ဒီလန်ဖုန်းဘုရားကြီးက ဘုရားကျွန်အကြီးအမှူးရဲ့ သမီးဖြစ်နေတာပါပဲ။

ဂျင်းထည့်လိုက်တာပေါ့လေ။

ဒီဂျင်းကို ဦးအောင်လှတို့ သိသွားတဲ့အခါမှာတော့...သာလှ ရဲ့ သိက္ခာက ကျသည်ထက်ကျစရာဖြစ်လာပါတယ်။

ဒါပေမယ့်လည်း.မောင်သာလှဟာ နောက်ဆုံးမှာ ထီးနန်းကိုစွန့်ပြီး..နှင်းသီရိစိတ္တာနဲ့အတူ လန်ဖုန်းကို လိုက်သွားခဲ့ပါတယ်။

စိတ်မကောင်းစရာကောင်းတာက လန်ဖုန်းမြို့စားကလည်း သာလှကို လက်မခံပဲ အယုဒ္ဓယကို ထပ်ပို့ပါတယ်။

အယုဒ္ဓယဘုရင်ကလည်း ပြဿနာတွေရှုပ်မှာစိုးတဲ့အတွက် သာလှကို သံခြေချင်းခတ်ပြီး တရုတ်သင်္ဘောတစ်စီးပေါ်တင်ပေးလိုက်ပါသတဲ့။

သာလှဟာ သူချစ်တဲ့ နှင်းသီရိစိတ္တာကို ဆုံးရှုံးရတဲ့အပြင် နှစ်ပေါင်းများစွာ တောင်အာရှဆိပ်ကမ်းတွေမှာ လေလွင့်နေတဲ့ဘုရင်ပြုတ် ဖြစ်သွားတာပါပဲ။

သူ့ယောက်ခမဟောင်း ဦးအောင်လှဘုရင်လုပ်နေတဲ့ ဟံသာဝတီကို ရွှေဘိုတပ်တွေက တိုက်နေချိန်မှာတော့..သာလှဟာ "ချ.ချ.ဒီကောင်တွေကို ကြိတ်သာကြိတ်.." ဆိုတဲ့သဘောနဲ့ ဦးအောင်ယျဆီ စာရေးပြီး ပြောပါသေးတယ်။

ဟိုက အဖက်မလုပ်ပါဘူး။

အချစ်ရှုံးစစ်ရှုံးသမားလေး မောင်သာလှ ဟာ နောက်ဆုံးအချိန်မှာ သူ့ချစ်သူရှိတဲ့ လန်ဖုန်းဘုရားမှာပဲ ကွယ်လွန်တယ်လို့ လည်းဆိုကြပါတယ်။

တချို့ကတော့...အင်းဝကိုပြန်သွားပြီးမှ ကွယ်လွန်တယ်လည်းရေးကြပါတယ်။

သေချာတာကတော့...ဒီဘုရားဝန်းထဲမှာ တချိန်က မောင်သာလှရဲ့ ချစ်သူလေး နှင်းသီရိစိတ္တာတယောက်..ပြေးလွှားဆော့ကစားနေခဲ့ဖူးတယ်..

မောင်သာလှဟာလည်း ချစ်သူမျက်နှာတစ်ရွာလုပ်ပြီး ဘုရင်ဘဝကိုစွန့်..ဘုရားကျွန်သမီးရဲ့ ခင်ပွန်းအဖြစ်နဲ့ ဒီဘုရားကြီးကို ဦးချခဲ့ဖူးမယ်..ဆိုတာပါပဲ...

ခက်ဇော်

ที่อยู่

135/39 Ban Phrao , Pa Daet , Mueang
Chiang Mai
50100

เวลาทำการ

จันทร์ 06:00 - 21:00
อังคาร 06:00 - 21:00
พุธ 06:00 - 21:00
พฤหัสบดี 06:00 - 21:00
ศุกร์ 06:00 - 21:00
เสาร์ 06:00 - 21:00
อาทิตย์ 06:00 - 21:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Let's Goผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์