02/09/2025
ဖက်ဒရယ် အသွင်ကူးပြောင်းရေး အခြေခံဥပဒေ ပြီးစီးပါက နိုင်ငံတကာသို့ချပြမည်ဟု KNU ပြော
မောင်ခက်နွေ
မဇ္ဈိမ။ ။ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲမတိုင်ခင် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အခြေခံဥပဒေ ရေးဆွဲပြီးမည်ဖြစ်ကြောင်း KNU ၏ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက မဇ္ဈိမကို ပြောသည်။ ထိုအခြေခံဥပဒေ ရေးဆွဲပြီးစီးပါက နိုင်ငံတကာကို ချပြနိုင်မည်ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားမြစ်ပိတ်ပင်ခြင်းနှင့်ကျား/မ ခွဲခြားဆက်ဆံမှုပပျောက်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက စက်တင်ဘာ ၁ရက်တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခြင်းဖြစ်သည်။
"အခုကတော့ AFTA ကို ပြီးအောင်လုပ်ဖို့ဆိုတာ ဆုံးဖြတ်ချက်ကြလာပြီ။ ဘယ်လိုပဲဖြစ်ဖြစ် စစ်တပ် ရွေးကောက်ပွဲ မတိုင်ခင် ကျတော်တို့ပြီးမှာပဲ သေချာတယ်။ ဆိုတော့ မေးခွန်းက ထွက်လာပြီ စစ်တပ် ရွေးကောက်ပွဲ မကြိုက်ရင် ဘာရွေးကောက်ပွဲလုပ်မလဲ။ ရွေးကောက်ပွဲလုပ်ဖို့ ကျတော်တို့က ဖွဲ့စည်းပုံ အခြေခံသစ်နဲ့ သွားမယ်ဆိုတာ ကျတော်တို့ သက်သေပြနိုင်ပြီ ဆိုရင်တော့ ဒါက ကမ္ဘာကိုချပြလို့ရနိုင်ပြီ။ ကျန်တဲ့ဟာကတော့ နိုင်ငံရေး စစ်ရေးအပိုင်းက ကျတော်တို့ ကိုယ်နည်း၊ ကိုယ်ဟန်နဲ့ ဆက်သွားမယ့်အပိုင်းကတော့ ရှိသေးတာပေါ့” ဟု KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် ဖက်ဒရယ် အသွင်ကူးပြောင်းရေး အခြေခံဥပဒေ(AFTA)ကို ပထမမူကြမ်းထွက်ရန် ပြီးစီးသည့် ရာခိုင်နှုန်းမှာ ပြောကြားရန်ခက်ခဲပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲ မတိုင်ခင်ပြီးစီးမည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
"ကျတော်တို့ တဖွဲ့ထဲ မဟုတ်ဘူး။ ကျန်တဲ့ ပြည်နယ်မှာရှိတဲ့ အဖွဲ့တွေကလည်း ဒီလိုပဲ လုံးပန်းလာခဲ့တာ တဖက်ကနေ စစ်တိုက်တယ်၊ တဖက်ကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ထားတာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်ကတည်းက။ တခုပဲရှိတာ တော်လှန်ရေးကို နောက်မှရောက်လာတဲ့ သူတွေကျတော့ အဲ့မှာ ပြောရ၊ဆိုရ နည်းနည်း ကြာသွားတဲ့ အပိုင်းတော့ရှိတယ်။ တကယ် လက်တွေ့ပဲ” ဟု ပဒိုစောတောနီးက မဇ္ဈိမကို ပြောသည်။
ထိုရေးဆွဲမှုကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့ လက်အောက်ရှိ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရေးလုပ်ငန်းအဖွဲ့ (TCWG) အဖွဲ့ဝင်၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းများနှင့် ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီများ စသည့်အဖွဲ့ ကိုးဖွဲ့တို့ ပါဝင်သည်။
ထို့အပြင် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အခြေခံဥပဒေ ကနဦးမူကြမ်းရရှိပါက NUCC တွင် အတည်ပြုပြီး တိုင်းရင်းသားဒေသများ အပါအဝင် လွတ်မြောက်ဒေသများတွင်ပါ ကျင့်သုံးမည်ဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၏ ကောင်စီဝင် ဦးတိုးကျော်လှိုင်က ဩဂုတ် ၂၅ ရက်နေတွင် မဇ္ဈိမနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်း၌ ဖြေကြားထားသည်။
ဖက်ဒရယ်ပြည်ထောင်စု အသွင်ကူးပြောင်းရေး ကာလတွင် အသုံးပြုမည့် ဥပဒေအား ပြင်ဆင်ရေးဆွဲနေပြီဖြစ်ကြောင်း ယခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်သစ်-စစ်အာဏာရှင်ဆန့်ကျင်ရေး(NMSP-AD), ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ(TPCC) နှင့် အမျိုးသမီးများအဖွဲ့ချုပ် - မြန်မာနိုင်ငံ(WLB) အဖွဲ့တို့က ထုတ်ပြန်ထားသေးသည်။
ထိုထုတ်ပြန်ချက်တွင် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် ဗဟိုချုပ်ကိုင်မှုစနစ် အသစ်တဖန် ပြန်လည်အားကောင်းစေမည့် ဗဟိုအခြေပြု ဖက်ဒရယ်စနစ်ကို လက်ခံကျင့်သုံးသွားမည် မဟုတ်ဘဲ Bottom-up Federalism အခြေခံချဉ်းကပ်မှုဖြင့် တိုင်းပြည်ကို တည်ဆောက် သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ပုံစာ - KNU ၏ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားမြစ်ပိတ်ပင်ခြင်းနှင့်ကျား/မ ခွဲခြားဆက်ဆံမှုပပျောက်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက စက်တင်ဘာ ၁ရက်တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ (မဇ္ဈိမ)
စာတည်း။ ။အောင်ကျော်ဖြိုး
#ပြည်တွင်းသတင်း
#အခြေခံဥပဒေ
#ကရင်ပြည်နယ်
#လိင်အကြမ်းဖက်မှု