27/04/2026
ဒီနေရာလေးကတော့ ချင်းမိုင်မှာ ဆုတောင်းပြည့်တယ်ဆိုပြီး အခုနောက်ပိုင်း လာရောက်သူများလာတဲ့ နတ်နန်းကျောင်းလေးတစ်ခုဖြစ်ပါတယ်ခင်ဗျာ။ ဒီကျောင်းမှာ ကိုယ့်ရဲ့ဆန္ဒပေါ်မူတည်ပြီး ဆုတောင်းကြတဲ့နေရာ ၄ နေရာ (နဂါးသိုက်ဆက်ရှိသူဆို ၅ နေရာ) ရှိပါတယ်ခင်ဗျာ။
နေရာလေးရဲ့နာမည်ကတော့ Mon Kuvera (ကုဝေရတောင်ကုန်း) လို့အမည်ရပါတယ်။ ဒီရုပ်ထုကတော့ အရှင် Wessuwan (မြန်မာလိုဆို အရှင် ဝေဿဝဏ်နတ်မင်း) လို့လူသိများပါတယ်။ စတုမဟာရာဇ်နတ်မင်းကြီးလေးပါးထဲက မြင်းမိုရ်တောင်ရဲ့မြောက်ဘက်အရပ်ကိုအစိုးရတဲ့ ယက္ခတို့ရဲ့အရှင် ဖြစ်ပါတယ်။ ထိုင်းမှာ ကြွယ်ဝချမ်းသာမှုကိုဆောင်ကြဉ်းပေးတဲ့နတ်မင်းအဖြစ် ပူဇော်ကြပြီး အဆောင်ဆောင်ကြပါတယ်ခင်ဗျာ။
✅စီးပွားရေးသမားများအနေနဲ့ အရောင်းအဝယ်စီးပွားဖြစ်လိုသူ
✅အကြွေးပြန်လည်ရလိုသူ
✅မထင်မှတ်ထားတဲ့လာဘ်လာဘရလိုသူ (ထီကံစမ်းသူများ ထီပေါက်ကြတယ်ဆိုပြီးလည်း နာမည်ကြီးပါတယ်။)
✅မကောင်းတဲ့ နာနာဘာဝ၊ အောက်လမ်းနဲ့တိုက်ခိုက်ခံနေရလို့ လွတ်ကင်းလိုသူများ လာရောက်ဆုတောင်းကြပါတယ်။
ကျောင်းထဲဝင်တာနဲ့ ဆုတောင်းပစ္စည်းအစုံ ဗန်းလေးတစ်ဗန်းကို ဘတ် ၁၅၀ နှင့် ဝယ်ယူပြီးပြီဆိုတာနဲ့ ပထမဆုံး လောကပါလမယ်တော်စီမှာ နို့ဗူးလေးကပ်လှူဆုတောင်းပါတယ်။ ပြီးတော့ ဘေးကရုပ်ထုမှာပါ ဆုတောင်းနိုင်ပါတယ်။ အဲ့တာပြီးရင်တော့ အရှင်ဝေဿဝဏ်စီမှာ ဆီမီးအနီ ၂ ခွက်ပူဇော်၊ အမွှေးတိုင်ကပ်ပြီး လက်နက်မှာ ကြိုးနီလေးချည်ဆုတောင်းမှုပြုနိုင်ပါတယ်။ တစ်ချို့ကျတော့ နှင်းဆီအနီယူလာပြီး ကပ်လှူကြတာလည်းရှိပါတယ်။ အဲ့တာပြီးရင်အရှင် ဝေဿဝဏ်စီမှာ နမောတဿ ၃ ကြိမ်ရွတ်၊ မိမိနာမည်၊ နေရပ်လိပ်စာတို့ကိုပါပြောပြီး လိုချင်တဲ့ဆုတစ်ခုကိုတိတိကျကျဆုတောင်းလို့ရပါတယ်။ ဆုတောင်းပြည့်ရင် ပြန်လာလှူမယ့်အကြောင်းလေးလည်း တိုင်တည်ခဲ့ရပါတယ်။
ဆုတောင်းမှုလေးတွေပြီးရင် ဆီလေးလှူ၊ ဘုံကျောင်းလေးထဲဝင်ပြီး မိမိမှာရှိတဲ့အညံ့တွေ၊ မကောင်းတာတွေဖယ်ဖျက်ဖို့ ခေါင်းမှခြေထိ စာရွက်လေးနဲ့ ၁၂ ချက် ပွတ်ချပေးရပါတယ်။
နောက်ဆုံးမှာတော့ ရွှေချပြီးရင် ဆုတောင်းပုံအဆင့်ဆင့်လေးပြီးဆုံးပါပြီခင်ဗျာ။
နဂါးသိုက်ဆက်ရှိတဲ့သူကတော့ အထဲက နဂါးရုံဘုရားနဲ့ နဂါးမင်းစီမှာ မေတ္တာပို့အမျှဝေပြီး ဆုတောင်းမှုပြုနိုင်ပါတယ်ခင်ဗျာ။
အထူးသဖြင့်အထူးသဖြင့် စနေနေ့ ဒါမှမဟုတ် ဗုဒ္ဓဟူးနေ့ (ညပိုင်း) တွေမှာ သွားရောက်ပူဇော်ရင် ပိုထူးခြားတယ်လို့လည်း အယူရှိကြပါတယ်ခင်ဗျာ။