YBS Explorers

YBS Explorers Exploring Yangon with YBS

🚍 ဇဝန (ပဲခူးကားဂိတ်) သို့ ရောက်ရှိသော ယာဉ်လိုင်းများ(English Version Below 🇬🇧)♻️ ဇဝနမှတ်တိုင် (လေးထောင့်ကန်လမ်း)၁၊ ၃၊ ၇၊...
23/08/2026

🚍 ဇဝန (ပဲခူးကားဂိတ်) သို့ ရောက်ရှိသော ယာဉ်လိုင်းများ

(English Version Below 🇬🇧)

♻️ ဇဝနမှတ်တိုင် (လေးထောင့်ကန်လမ်း)
၁၊ ၃၊ ၇၊ ၁၃၊ ၂၄၊ ၄၆၊ ၆၂၊ ၇၁၊ ၈၄၊ ၉၂၊ ၁၁၁၊ ၁၁၂၊ ၁၁၃၊ ၁၁၄၊ ၁၂၈

♻️ ဇဝနမှတ်တိုင် (သုမင်္ဂလာလမ်း)
၁၀၊ ၃၂၊ ၉၆

⚫ Nearest Bus Routes to Zawana (Bago Bus Gate)

♻️ Zawana Bus Stop (Lay Daung Kan Road)
1, 3, 7, 13, 24, 46, 62, 71, 84, 92, 111, 112, 113, 114, 128

♻️ Zawana Bus Stop (Thumingalar Road)
10, 32, 96

🔵 DEMU ရထားနှင့် ဘေးတွဲဆိုင်ကယ်တို့ ပွတ်တိုက်မှုဖြစ်တောင်ငူမြို့၊ ရန်ကုန် - မန္တလေးရထားလမ်းပိုင်းရှိ သောင်းတိုင်းကုန်းနှ...
22/08/2026

🔵 DEMU ရထားနှင့် ဘေးတွဲဆိုင်ကယ်တို့ ပွတ်တိုက်မှုဖြစ်

တောင်ငူမြို့၊ ရန်ကုန် - မန္တလေးရထားလမ်းပိုင်းရှိ သောင်းတိုင်းကုန်းနှင့် တောင်ငူဘူတာကြားအရှိ ရထားလမ်းကူးတခုတွင် DEMU ရထားနှင့် ဘေးတွဲဆိုင်ကယ်တို့ ချိတ်မိ၍ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

အမှတ် (၇) အဆန် DEMU (စပိန်) ရထားဟာ ဩဂုတ်လ (၂၀) ရက်နေ့တွင် ခရီးစဉ်အတိုင်း ရန်ကုန်မှ နေပြည်တော်သို့ ခုတ်မောင်းလာစဉ် ရထားမိုင်တိုင်အမှတ် ၁၆၅/၁ နှင့် ၁၆၅/၂ အကြားရှိ တရားမဝင်လမ်းကူးဂိတ်တွင် ဂိတ်စောင့်ရဲ့ တားမြစ်မှုကို လျစ်လျူရှု၍ အတင်းဖြတ်သန်းမောင်းနှင်တာကြောင့် အဆိုပါ ဆိုင်ကယ်ဘေးတွဲမှာ ရထားနှင့် ပွတ်တိုက်မိပြီး ၎င်းဖြစ်စဉ်ကြောင့် လမ်းခရီးတွင် ပုံမှန်ခရီးစဉ်အချိန်ထက် ၃၅ မိနစ် ပိုမိုကြန့်ကြာခဲ့ပါတယ်။

ဖြစ်စဉ်ကြောင့် DEMU ရထားစက်ခေါင်းပိုင်းတွင် ညာဘက်မီးလုံး ထိခိုက်ပျက်စီးခဲ့ပြီး ကိုယ်ထည်ပိုင်းတွင် ဆေးပွန်းခဲ့ကာ ဘေးတွဲဆိုင်ကယ်မှာလည်း အကြီးအကျယ်ထိခိုက်ခဲ့ပါတယ်။

ရထားလမ်းကူးမှာ တရားမဝင်လမ်းကူးဖြစ်တာနှင့်အညီ နားလည်မှုဖြင့် ဖောက်လုပ်ထားတဲ့ ကျေးရွာမှ စီစဉ်တဲ့ ရထားလမ်းကူးဖြစ်ပြီး ၎င်းဖြစ်စဉ်တွင် ကျူးလွန်ခဲ့တဲ့ တရားခံ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူကို အမှုဖွင့်အရေးယူထားကြောင်းလည်း သိရှိရပါတယ်။

Reference - Popular News
Photo - Internet

🔵 တညင်းကုန်း မီးရထားလမ်း ခုံးကျော်တံတား ဆောက်လုပ်မည်ခရေပင်လမ်းနှင့် တညင်းကုန်ဘူတာထောင့်တွင် တည်ရှိတဲ့ ရန်ကုန် - ပြည်ရထား...
21/08/2026

🔵 တညင်းကုန်း မီးရထားလမ်း ခုံးကျော်တံတား ဆောက်လုပ်မည်

ခရေပင်လမ်းနှင့် တညင်းကုန်ဘူတာထောင့်တွင် တည်ရှိတဲ့ ရန်ကုန် - ပြည်ရထားလမ်းပိုင်းဖြတ်သန်းသွားရာ မီးရထားလမ်းကူးကို ခုံးကျော်တံတားဖြင့် အစားထိုးဆောက်လုပ်မှာဖြစ်ပြီး ဆောက်လုပ်မည့် အခြေအနေများကို တာဝန်ရှိသူများက စစ်ဆေးနေပြီလည်း ဖြစ်ပါတယ်။

တည်ဆောက်စဉ်ကာလအတွင်း ပြောင်းရွှေ့ရမယ့် ဆက်သွယ်ရေးနှင့် လျှပ်စစ်တိုင်များ၊ လမ်းလွှဲပြုလုပ်မည့် ကိစ္စရပ်များတို့ကို ပူးပေါင်းဆောင်ရွက်သွားရန် တာဝန်ရှိသူမှ ညွှန်ကြာထားပြီး ခုံးကျော်တံတားတည်ဆောက်မယ့် ပုံစံမှာ PC Girder, Steel Box Girdler ဖြင့် တည်ဆောက်သွားမယ်လို့ သိရှိရပါတယ်။

အဆိုပါ ဘူတာတွင်တွင် ရန်ကုန်မြို့ပတ်ရထားများ၊ ရန်ကုန် - ပြည် DEMU အမြန်ရထား၊ ရန်ကုန် - ပြည် စာပို့ရထားများရပ်တန့်ပြီး ခရေပင်လမ်းပေါ်ရှိ ဘူတာဈေးဘတ်မှတ်တိုင်တွင် ၁၇၊ ၂၁၊ ၄၀၊ ၇၄၊ ၉၃၊ ၁၃၁၊ ၁၃၈၊ ၁၄၁၊ ၁၄၂၊ ၁၄၅ ရပ်တန့်ကာ ကုန်တင်ယာဉ်၊ ကိုယ်ပိုင်ယာဉ်များတွင် နေ့စဉ် အစီးရေ ထောင်နဲ့ချီ ဖြတ်သန်းသွားလျက်ရှိပါတယ်။

Ref - Eleven Media Group
Photo - Internet

🔵 တောင်ပြုံးရထားခရီးစဉ်ပြေးဆွဲပြီမန္တလေးမြို့ရှိ သူရဲဈေးဘူတာမှ တောင်ပြုံးသို့ ရထားခရီးစဉ်များ ပြေးဆွဲပေးသွားမှာဖြစ်ပြီး ...
19/08/2026

🔵 တောင်ပြုံးရထားခရီးစဉ်ပြေးဆွဲပြီ

မန္တလေးမြို့ရှိ သူရဲဈေးဘူတာမှ တောင်ပြုံးသို့ ရထားခရီးစဉ်များ ပြေးဆွဲပေးသွားမှာဖြစ်ပြီး ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့၊ ၂၀၂၆ ခုနှစ်တွင် စတင်ပြေးဆွဲနေပြီ ဖြစ်ပါတယ်။

တောင်ပြုံးပွဲတော်ကျင်းပမယ့် ကာလအတွင်း ဩဂုတ်လ (၁၉) ရက်နေ့မှ စက်တင်ဘာ (၁) ရက်နေ့အထိ သူရဲဈေးဘူတာမှ နံနက် (၇) နာရီ၊ နေ့လယ် (၁) နာရီနှင့် တောင်ပြုံးဘူတာမှ နံနက် (၉) နာရီ၊ ညနေ (၄:၁၅) နာရီတွင် ပြေးဆွဲပေးသွားမှာဖြစ်ပြီး လက်မှတ်ခဈေးနှုန်းမှာ တထောင်ကျပ်နှုန်းဖြင့် သတ်မှတ်ထားကြောင်း သိရှိရပါတယ်

ရိုးရိုးတန်း (၆) တွဲ၊ ဘရိတ်တွဲ (၂) တွဲ စုစုပေါင်း (၈) တွဲဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကာ အဆိုပါ ရထားပြေးဆွဲတဲ့ လမ်းပိုင်းဖြစ်တဲ့ မန္တလေး - မတ္တရာ ရထားလမ်းပိုင်းကိုလည်း ပြန်လည်ပြေးဆွဲနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။

ယခုလို ဆောင်ရွက်နေတဲ့အပြင် ပြေးဆွဲကာလပြီးစီးသည့်တိုင် စီးနင်းမှုဆက်လက်ရှိနေပါက ပြေးဆွဲပေးသွားမည်ဖြစ်ပြီး လက်မှတ်ခမှာ မည်သည့်ဘူတာမှ တက်တက် (၁,၀၀၀) ကျပ် ဖြစ်မယ်လို့လည်း သိရှိရပါတယ်။

Photo - Internet

🔵 YPS ဘာတွေ လွဲသွားလဲအရင်ရက်ပိုင်းတွေက ယာဉ်စီးခနှုန်းထား တက်တော့ အကြွေပြဿနာတက်ကြတဲ့ ကဏ္ဍမှာ YPS (Yangon Payment Service)...
18/08/2026

🔵 YPS ဘာတွေ လွဲသွားလဲ

အရင်ရက်ပိုင်းတွေက ယာဉ်စီးခနှုန်းထား တက်တော့ အကြွေပြဿနာတက်ကြတဲ့ ကဏ္ဍမှာ YPS (Yangon Payment Service) ရဲ့ အပိုင်းကို လူတိုင်း မေးခွန်းထုတ်လာကြပါတယ်။

YPS ကို အများကြီးမျှော်လင့်ထားတဲ့အထဲမှာ အခုစာရေးသူ ကျွန်တော်ကိုယ်တိုင်လည်း ပါသလို ဒီနှစ်တွေထဲ အများကြီးလွဲသွားတာ အကုန်လုံးသိကြမြင်ကြမှာပါ။

👥 ဘယ်လိုတည်ဆောက်ထားလဲ

YPS စနစ်ဖြစ်လာဖို့က နည်းပညာ၊ အစိုးရ၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့၊ ဘတ်စ်ကားကုမ္ပဏီများ၊ ဘဏ်၊ ဖြန့်ချိရေးကွန်ယက်တွေ အကုန်လုံးကို တပြိုင်နက်တည်းမှာ ချိတ်ဆက်ပြီး အလုပ်လုပ်ဆောင်ရပါတယ်။

ဒါပေမယ့် ဘတ်စ်ကားကုမ္ပဏီတွေနဲ့ ဖြန့်ချိရေးကွန်ယက်တွေ အကြား အသုံးပြုသူများနှင့် အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်လာပြီးနောက် ဒါမျိုးတွေ စဖြစ်လာပါတော့တယ်။

🛣️ ရှိတဲ့ စနစ်တွေ လွဲချော်သွားခြင်း

YPS စနစ် စတင်ပြီး ခရီးဝေးရင် Distance Fare နဲ့ ခရီးနီးရင် Flat Fare အပြင် ဘတ်စ်ကားရှေ့ လေကာမှန်မှာ YPS ဝန်ဆောင်မှုရမရ အသိပေးတဲ့ စာတွေပါတာ၊ YPS ကတ် ဝယ်ယူရတာ ဈေးသက်သာပြီး ကတ်ဖြည့်ရလွယ်ကူခြင်းအပါအဝင် သီးသန့်ထားတဲ့ Service Center တွေလည်း ရှိပါတယ်။

ဒါ့အပြင် ဘတ်စ်ကားကုမ္ပဏီတွေကလည်း ကုမ္ပဏီစနစ်ကို အပြည့်အဝမကျင့်သုံးနိုင်ရင်တောင် YPS စနစ်ကို အတူတကွလိုက်ပါနိုင်ဖို့ YRTA နဲ့အတူ ကျင့်သုံးခဲ့တာကြောင့် စက်ပိတ်ပစ်တာမျိုးတွေလည်း မရှိပဲ အဆင်‌ပြေပြေသုံးလို့ ရခဲ့ပါတယ်။

ဒါပေမယ့် အဲ့တာတွေသည် အိပ်မက်လို ခဏတာအတွင်းမှာ ပျောက်သွားပြီး အငွေ့ပျံသလို လွင့်သွားပါတယ်။

📍 Mobile Banking တွေနဲ့ ငွေဖြည့်နိုင်ခြင်း

ငွေဖြည့်ရခက်ခြင်းဆိုတဲ့ ပြဿနာကို ဖြေရှင်းချင်တဲ့ လူအများတောင့်တကြတာက မြန်မာနိုင်ငံတွင်း နာမည်ကြီးတဲ့ Wallet App တွေကနေ ငွေဖြည့်နိုင်ဖို့ပါပဲ။

YPS ရဲ့ ဖော်ပြချက်အရဆိုရင် YPS ရဲ့ ကတ်တွေက IC Card ဖြစ်တဲ့အပြင် EMV Certified ဖြစ်ထားတဲ့ ကတ်တွေဖြစ်တယ်လို့ ဖော်ပြထားပြီး ATM Card တွေနဲ့ ယှဉ်ရင် မမြင့်ရင်တောင် မနိမ့်တဲ့ အနေအထားမှာ ရှိပါတယ်။

YPS ရဲ့ ငွေဖြည့်သွင်းရတဲ့ ပုံစံက ငွေတွေအများကြီးသိမ်းထားတဲ့ စက်နဲ့ ထိပြီးနောက်မှ ငွေဖြည့်သွင်းနိုင်မယ့် စနစ်ကို ဖန်တီးထားတာဖြစ်ပြီး Mobile Banking ကနေ YPS Card ကို ငွေလှမ်းဖြည့်မယ်ဆိုရင် ဘယ်လိုမျိုးသွားမလဲဆိုတာ စဉ်းစားစရာပါပဲ။

YPS မတိုင်ခင်က အောင်မြင်ခဲ့တဲ့ Any Pay ကတ်ဆိုရင် ကိုယ်တိုင်ငွေဖြည့်သွင်းနိုင်တဲ့ စက်တွေကို ထားရှိပြီး ယာဉ်တွေပေါ်မှာလည်း ဝန်ထမ်းတွေ အမြဲထားရှိနိုင်ခြင်းကြောင့် ငွေဖြည့်ရခက်တဲ့ ပြဿနာကင်းပေမယ့် ငြင်းချင်ရင် Any Pay ရဲ့ User Base သည် YPS လောက် မများတာတော့ အမှန်ဖြစ်ပါတယ်။

YPS အနေနဲ့ Mobile Banking က ခက်ခဲနေရင် ကိုယ်တိုင်ငွေဖြည့်နိုင်မယ့် စက်တွေကို လူသွားလူလာများတဲ့ နေရာမှာ ထားရှိပေးတာ၊ g&g တွေမှာ ခဏခဏလိုင်းကျတဲ့ ပြဿနာကို ဖြေရှင်းပေးတာ၊ ကောင်တာဖွင့်ချိန်တွေကို ရုံးချိန်နဲ့ မတိုက်အောင် ဖြေရှင်းပေးတာတွေက ခုလက်ရှိမှာ အဖြစ်နိုင်ဆုံးနဲ့ အလုပ်နိုင်ဆုံးဖြစ်ပါတယ်။

↘️ ပွင့်လင်းမှုမရှိခြင်း

နောက်ပိုင်းကြုံနေရတဲ့ ကတ်ဖြတ်စက်တွေ ဘာလို့ ပိတ်လဲဆိုတော့ ပွင့်လင်းမှုမရှိလို့ ဖြစ်ပြီး ဘာကြောင့်လဲဆိုတဲ့ အသေးစိတ်ကတော့ ရေးပေးဖူးပါတယ်။

Delivery Application တချို့မှာတောင် ကိုယ့်ရဲ့ Online Shop ကနေ ရောင်းထားတဲ့ ပစ္စည်းတွေကို ရုံးဘက်က ပိုက်ဆံတွေ ဘယ်လောက်ရှင်းပြီးကြောင်း၊ အော်ဒါဘယ်နှခုပြီးကြောင်း ပြနိုင်တဲ့ အနေအထားရှိချိန်မှာ YPS မှာ မရှိနေပါဘူး။

ကတ်ဖြတ်စက်ကို တပ်ဆင်ထားတဲ့ ယာဉ်လိုင်း၊ ကုမ္ပဏီတွေက ဘယ်စက်က တနေ့ကို ဘယ်လောက်ဖြတ်လဲ၊ ဘယ်လောက်ရလဲဆိုတာကို မသိရသလို ပိုက်ဆံထုတ်ယူဖို့ကိုလည်း အလွယ်တကူထုတ်ယူလို့ မရနိုင်ပါဘူး။

ကတ်ဖြတ်တဲ့အခါ ၃၅၀ ကို အပြည့်မရပဲ ရနိုင်မယ့် ငွေပမာဏကို မသိရတာကြောင့် တချို့ ယာဉ်မောင်းတွေက ကတ်အသုံးပြုခွင့်ကို မနှစ်မြို့ကြပြီး ဟန့်တားကြပါတယ်။

အဲ့တာဆို ဘာလို့ အဲ့စက်ကို လက်ခံထားရလဲဆိုရင် အာဏာပိုင်ဘက်က ပြည်သူတွေ အဆင်ပြေစေဖို့ တပ်ဆင်စေတာဖြစ်ပြီး တပ်ဆင်မှုမပြုပါက အရေးယူမှုတွေ ရှိနိုင်တာကြောင့် တပ်ဆင်ထားရကာ YPS ဘက်က စနစ်လိုအပ်ချက်ကြောင့် ယခုလို ရှုပ်ထွေးမှုများစွာ ဖြစ်နေတယ်လို့ ယူဆပါတယ်။

🌍 ပြဿနာက ဒီ (၂) ခုပဲလား

အဓိက ဖြေရှင်းရမယ့် ပြဿနာက (၂) ခုဆိုရင် ပြဿနာ အသေးစားလေးတွေလည်း ရှိပါသေးတယ်။

ကုန်ဈေးနှုန်း၊ အခွန်အခ စသဖြင့်ကြောင့် ကတ်တန်ဖိုးဈေးကြီးတာတွေကို နားလည်ပေးနိုင်ပေမယ့် ကတ်ဈေးနှုန်းတွေကို ယခု ၉,၀၀၀ ကျပ်ကနေ တကယ်ပြန်ကျစေချင်တာ အမှန်ပါပဲ။

YPS ရဲ့ တရားဝင်‌ဆားဗစ်စင်တာမရှိတဲ့နောက်ပိုင်း YPS အရောင်းကောင်တာတွေကိုပဲ အားထားလာရတာကြောင့် အရောင်းကောင်တာတွေရဲ့ ဝန်ဆောင်မှုကို မြှင့်တင်ပေးဖို့ လိုပြီး အထူးသဖြင့် ဝန်ထမ်းတွေရဲ့ ဆက်ဆံရေး၊ ဖွင့်ချိန်ပိတ်ချိန်တွေကို ဖော်ပြပေးနိုင်တဲ့ အသိပေးဆိုင်းဘုတ်နဲ့အတူ MMQR နဲ့ အမြဲတမ်း အသုံးပြုနိုင်အောင် ကြပ်မတ်ပေးဖို့ လိုအပ်ပါတယ်။

"YPS ဝန်ဆောင်မှုရရှိနိုင်ပါသည်" နှင့် "YPS ဝန်ဆောင်မှုမရရှိနိုင်ပါ" ဆိုင်းဘုတ်တွေကိုလည်း ဘတ်စ်ကားရဲ့ လေကာမှန်တွေမှာ ချိတ်ဆွဲစေလိုပြီး g&g, Capital လိုမျိုး နေရာတွေမှာလည်း ရှိစေချင်ပါတယ်။

ပိတ်ထားတဲ့ YPS အရောင်းကောင်တာတချို့ကို ပြန်လည်ဖွင့်လှစ်ပြီး နာမည်ကြီးနေရာတွေမှာ YPS အရောင်းကောင်တာအသစ်ကိုလည်း ထပ်မံဖွင့်လှစ်သင့်ပါတယ်။

📍 YPS စနစ် ဘယ်ထိရောက်နိုင်မလဲ

YPS စနစ်က ၂၀၂၀ ကနေ အခု ၂၀၂၆ ခုနှစ်အထိနေ့စဉ် အသုံးပြုက (၄) သိန်းဝန်းကျင်အထိ ရှိလာပြီ ဖြစ်ပြီးဒါဟာ နေ့စဉ်စီးနင်းနေတဲ့ ခရီးသည် ၁၈ သိန်းမှာ ၂၂% ခန့် အသုံးပြုလာတယ်ဆိုနိုင်ပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းတွေအရ MPU ကတ်များနှင့် ချိတ်ဆက်၍ အွန်လိုင်းမှ ငွေဖြည့်နိုင်ရန် ဆောင်ရွက်နေတယ်လို့ ကြားသိရပေမယ့် ဒီပုံစံအတိုင်းဆို ဒီလူက ဒီနေရာမှာပဲ ဆက်ရှိနေမှာဖြစ်ပြီး အဓိက ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုရင် ယာဉ်ကုမ္ပဏီ၊ စီးနင်းသူ၊ အာဏာပိုင် နဲ့ YPS တို့ အကြား အငြင်းပွားဖွယ်၊ အမုန်းပွားဖယ်ပဲ ပိုရှိလာတော့ဖို့ပဲ များပါတယ်။

🔴 ဤဆောင်းပါရေးသားသူသည် မည်သည့် အဖွဲ့အစည်းနှင့်မျှ သက်ဆိုင်မှုမရှိပဲ လွတ်လပ်၍ အမှီအခိုကင်းသော ရေးသားသူသာ ဖြစ်ပါသည်။

Photo - YPS

🛂 YBS မှာ အသုံးပြုခဲ့တဲ့ ဘတ်စ်ကားတွေ (Chapter 2)Daewoo BS 106 Series တွင် ပါဝင်သော ဘတ်စ်ကားအမျိုးအစားတမျိုးဖြစ်ပြီး Bran...
17/08/2026

🛂 YBS မှာ အသုံးပြုခဲ့တဲ့ ဘတ်စ်ကားတွေ (Chapter 2)

Daewoo BS 106 Series တွင် ပါဝင်သော ဘတ်စ်ကားအမျိုးအစားတမျိုးဖြစ်ပြီး Brand New အဖြစ် BRT LIte ခေတ်တွင် တင်သွင်းခဲ့သော ဘတ်စ်ကားများ ဖြစ်ပါတယ်။

အစီးရေဆယ်ဂဏန်းခန့်တင်သွင်းခဲ့ပြီး BRT Lite တွင်လည်းကောင်း၊ YBS 37 တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ယခင်ကဲ့သို့ ပေါပေါများများမသုံးစွဲသော်လည်း သင်မောင်းယာဉ်နှင့် YBS 109 တွင် တာဝန်ထမ်းဆောင်လျက်ရှိသေးကြောင်း သိရှိရပါတယ်။

🔴 ယာဉ်စီးခတိုးကောက်မည့် ကြေညာချက်ကို YRTC မှ ပယ်ဖျက်စက်တင်ဘာ (၁) ရက်နေ့မှစတင်ကာ YBS ယာဉ်စီးခ တိုးမြှင့်ကောက်ခံမည့် အစီအစ...
16/08/2026

🔴 ယာဉ်စီးခတိုးကောက်မည့် ကြေညာချက်ကို YRTC မှ ပယ်ဖျက်

စက်တင်ဘာ (၁) ရက်နေ့မှစတင်ကာ YBS ယာဉ်စီးခ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ကို ပယ်ဖျက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီက ယနေ့ ဩဂုတ်လ (၁၆) ရက်နေ့တွင် ထုတ်ပြန်လာပါတယ်။

နဂိုစီစဉ်ထားတဲ့ တိုးမြှင့်ကောက်ခံတဲ့ရက်ကို ပယ်ဖျက်ပြီဖြစ်တာကြောင့် လတ်တလောတွင် မူလကောက်ခံလျက်ရှိတဲ့ နှုန်းထားအတိုင်း ဆက်လက်ကောက်ခံသွားမယ်လို့ ယူဆရပါတယ်။

ယာဉ်စီးခတိုးမြှင့်ကောက်ခံသည့် ထုတ်ပြန်ချက်အပြီး အကြွေပြဿာနာနှင့် ပတ်သတ်၍ ဝေဖန်မှုမြင့်တက်လာပြီးနောက် ယခုလို ထုတ်ပြန်လာတာဖြစ်ပြီး တိုးမြှင့်ကောက်ခံမည့် အစီအစဉ်နှင့် ပတ်သတ်၍ ဆက်လက်ထုတ်ပြန်ဖို့ ရှိမရှိကိုတော့ မသိရှိရသေးပါဘူး။

Photo - YRTC

🔵 YBS GO: Explore Yangon မှ ဗားရှင်းသစ်ထွက်ရှိV2.0.0 ကို မကြာသေးခင်မှ ဖြန့်ချိထားတဲ့ YBS GO Application မှ ဩဂုတ်လ ၁၄ ရက်...
16/08/2026

🔵 YBS GO: Explore Yangon မှ ဗားရှင်းသစ်ထွက်ရှိ

V2.0.0 ကို မကြာသေးခင်မှ ဖြန့်ချိထားတဲ့ YBS GO Application မှ ဩဂုတ်လ ၁၄ ရက်နေ့တွင် အသုံးပြုမှု ပိုမိုလွယ်ကူမြန်ဆန်စေတဲ့ V2.0.10 ကို အသစ်ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။

ဗားရှင်းအသစ်တွင် ပိုမိုမြန်ဆန်ချောမွေ့သော မြေပုံအသုံးပြုမှု၊ မြန်ဆန်သော ရှာဖွေနိုင်မှု၊ ပိုမိုထင်ရှားစေသော မှတ်တိုင်တည်နေရာ ပြင်ဆင်မှုနှင့် အသုံးပြုမှုဆိုင်ရာအတွေ့အကြုံ UI/UX များကိုလည်း ယခင်ကထက် ပိုမိုရှင်းလင်းအောင် ပြုပြင်ထားပေးပါတယ်။

Application တွင် လိုအပ်နေတဲ့ အကြံပြုမှုများအတိုင်း ပြုပြင်ထားရှိတာဖြစ်ပြီး ပြုပြင်ရန် ကျန်ရှိနေတဲ့ အသုံးပြုသူများ ကြုံတွေ့ရတဲ့ ပြဿနာတချို့ကိုလည်း ဆက်လက်ပြုပြင်ပေးသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိတဲ့ YBS ယာဉ်လိုင်းများကို အလွယ်တကူစီးနင်းနိုင်ရန် အစိုးရနှင့် မသက်ဆိုင်တဲ့ ပြင်ပလူငယ်များ ဖန်တီးထားတဲ့ YBS GO ကို Google Play Store, APKPure, HUAWEI App Gallery, RuStore တို့မှာ ဒေါင်းလုတ်ရယူနိုင်ပြီး တုပဖန်တီးထားတဲ့ Application အတုများ ရှိနေပါသဖြင့် ရှာဖွေတဲ့နေရာမှာ YBS GO: Explore Yangon လို့ ရှာဖွေရန် အကြံပြုထားပါတယ်။

Photo - YBS GO: Explore Yangon

🔴 ကားခတက်ခြင်းနှင့် ရန်ကုန်လူထုအရင်ဆုံး မေတ္တာရပ်ခံချင်တာက YBS တွေရဲ့ ယာဉ်စီးခနှုန်းထားက တရားဝင်တက်တော့မှာဖြစ်တာကြောင့် ...
15/08/2026

🔴 ကားခတက်ခြင်းနှင့် ရန်ကုန်လူထု

အရင်ဆုံး မေတ္တာရပ်ခံချင်တာက YBS တွေရဲ့ ယာဉ်စီးခနှုန်းထားက တရားဝင်တက်တော့မှာဖြစ်တာကြောင့် ဘာမှပြင်လို့ မရတော့ပေမယ့် ဒီနေရာမှာ ကျွန်တော်တို့ စီးနင်းသူတွေနဲ့ ယာဉ်မောင်းတွေအကြား လွယ်လင့်တကူ ဒေါသတွေ၊ အပြစ်တွေ ပုံမချဖို့ မေတ္တာရပ်ခံပါတယ်။

ယာဉ်စီးခတက်မယ့်အကြောင်းရှင်းပြရရင် ၅၆၊ ၅၇၊ ၅၈ မှာ မူလ ၂၀၀ ကျပ်ကနေ ၃၀၀ ကျပ်ဖြစ်သွားမှာဖြစ်ပြီး ၄၀၀ ကျပ်ကောက်ခံနေတဲ့ ယာဉ်လိုင်းတွေက ၆၀၀ ကျပ်နဲ့ ၄၀၀ ကျပ်နှင့်အထက် ကောက်ခံနေတဲ့ ယာဉ်လိုင်းတွေက ယခုလက်ရှိကောက်ခံနေတဲ့ နှုန်းထားထက် အနည်းဆုံး ၂၀၀ ကျပ်ကနေစပြီး ထပ်ထည့်‌ပေါင်းသွားမယ့် ပုံစံမျိုး ဖြစ်ပါတယ်။

🛣️ ဘာလို့ ၆၀၀ လဲ

အကြွေတွေခက်ခဲချိန်မှာ ၆၀၀ ကောက်တဲ့ အကြောင်းပြချက်ကို နားမလည်ပေမယ့် တကယ်တမ်းတော့ ၅၀၀ ဖြစ်သင့်ပါတယ်။

၅၀၀ က တရားဝင်မဟုတ်ပေမယ့် ‌အကြွေခက်ခဲတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ယာဉ်မောင်းတွေ ၅၀၀ ကောက်ခံနေတာ ကြာပြီဖြစ်တာကြောင့် ၅၀၀ ပေးရတာ သိပ်အထူးအဆန်းမဟုတ်တော့ပေမယ့် ၆၀၀ ဆိုတာ မြန်မာ့ငွေကြေးစနစ်အရ ကန့်လန့်ဖြစ်ပါတယ်။

ယခင် ၄၀၀ တုန်းက ၅၀၀ ပေးရတာကိစ္စမရှိပေမယ့် ယခု ၆၀၀ မှာ ၁,၀၀၀ တန် ပေးရမယ်ဆိုတာ သေချာသလောက် ဖြစ်နေတာကြောင့် ကျန် ၄၀၀ ကို အမ်းနိုင်ဖို့ မလွယ်ဘူးဆိုတာလည်း သေချာသလောက် ဖြစ်နေပါတယ်။

ကျွန်တော်တို့အနေနဲ့ စကားတွေ အများကြီးမပြောချင်ရင် ပြင်ဆင်ထားဖိုလိုတဲ့ ၆၀၀ ဆိုတဲ့ အကြွေပမာဏကို ပြင်ဆင်ဖို့ လိုအပ်သွားမှာဖြစ်ပြီး အကြွေရှားပါးတယ်ဆိုတဲ့ အကြောင်းပြချက်က ကတ်ဝယ်ယူမှုအပေါ် သွားပုံကျနိုင်ပါတယ်။

ကတ်က အကြွေခေါင်းမစားရဘူးဆိုပေမယ့် ‌ကတ်စက်တွေပိတ်ထားတာ၊ ငွေဖြည့်ရခက်တာ၊ ကတ်ဝယ်ယူဖို့ ခက်တာ အစရှိသဖြင့် အကြောင်းပြချက်တွေကလည်း အကြွေပြဿနာကို ဖြေရှင်းနိုင်ဖို့ အဟန့်အဝာား ဖြစ်နေပါတယ်။

📍 ၆၀၀ ဆိုတဲ့ ယာဉ်စီးခကနေ ဘာတွေ ပြန်ရသင့်လဲ

အခုချိန်မှာ ဘတ်စ်ကားတွေက ပျက်စီးပြီး စီးဖို့ မသင့်တော်တဲ့အချိန်မှာ ယာဉ်အစီးရေကလည်း အရမ်းကို နည်းတာကြောင့် ရုံးတက်ရုံးဆင်းချိန်တွေမှာ လောက်ငှမှုမရှိတာကို ကျွန်တော်တို့ စီးနင်းသူတင်မက YBS ကို စီမံခန့်ခွဲနေတဲ့ လူကြီးမင်းတွေလည်း သိပါတယ်။

YBS စတင်တဲ့အချိန်တုန်းက ရန်ကုန်မြို့ လူဦးရေ ဒီလိုမျိုး မထူထပ်တဲ့ အချိန်မှာတောင် ယာဉ်စီးရေ ၆,၀၀၀ လိုအပ်မယ်လို့ ခန့်မှန်းခဲ့ကြပြီး အခုလို လူဦးရေ ၆ သန်း - ၇ သန်းကြား ရှိလာချိန်မှာဆိုရင် ယာဉ်အစီးရေ ၅,၀၀၀ ဝန်းကျင်အထိ လျော့ကျသွားပြီး ယာဉ်အစီးရေ ၃,၀၀၀ ခန့်ထိသာ ပြေးဆွဲနိုင်ပါတော့တယ်။

ယာဉ်စီးခတိုးကောက်တဲ့ အကြောင်းအရင်းမှာ ပျက်နေတဲ့ ယာဉ်အစီးရေ ၂,၀၀၀ ကို ပြန်ထွက်ပေးနိုင်ဖို့၊ လက်ရှိဆွဲနေတဲ့ ယာဉ်တွေ ဆက်ထွက်ပေးနိုင်ဖို့က အဓိက အကြောင်းအရင်းဖြစ်ပြီး ထပ်တိုးဝန်ဆောင်မှုတွေဖြစ်တဲ့ အဲကွန်း၊ ယာဉ်အသစ်တွေအတွက်တော့ မျှော်လင့်လို့ မရနိုင်ပါဘူး။

ကုန်ဈေးနှုန်းတက်တယ်ဆိုတဲ့ ဝေါဟာရမှာ ယာဉ်တစီးရဲ့ တာယာ၊ လေကာမှန်၊ စက်ပိုင်း ဆက်စပ်ပစ္စည်း အစသဖြင့် ပစ္စည်းတွေကလည်း ၄၀၀ ကောက်ခံနေတဲ့ (၂) နှစ်ထဲမှာ တရိပ်ရိပ်တက်လာခဲ့တာက ယာဉ်ပိုင်ရှင်တွေနဲ့ ကျွန်တော် တွေ့တိုင်း ကြားရတဲ့ စကားကတော့ မမြတ်ဘူးလို့ပဲ ကြားရတဲ့အထိပါပဲ။

ကျွန်တော်တို့လိုမျိုး စီးနင်းနေတဲ့သူတွေက ၆၀၀ ပေးဆိုလည်း‌ ပေးရမှာ ဖြစ်တာကြောင့် မတတ်သာပေမယ့် YRTC က ပြောတဲ့ ယာဉ်အစီးရေတိုးချဲ့ထွက်နိုင်ရေးကို ပြောထားတဲ့အတိုင်း လုပ်နိုင်ဖို့ လိုအပ်ပြီး စီးနင်းသူဘက်ကလည်း ဒီလအနည်းငယ်မှာ ဘယ်လောက်အထိ အဆင်ပြေလာလဲဆိုတာ စောင့်ကြည့်နေပေးဖို့ လိုပါတယ်။

↘️ လုပ်ငန်းရှင်တွေ နားထောင်ပေးပါ

ယခင်က ၄၀၀ ဆိုရင် တနေ့ကို အသွားအပြန် ၁,၀၀၀ အောက်ဆိုပေမယ့် ယခု ၆၀၀ မှာ အသွားအပြန်မှာ ၁,၂၀၀ ဖြစ်လာပါပြီ။

(၂) ဆင့်စီးရတဲ့ သူတွေဆို (၂) ဆပိုကုန်မှာဖြစ်တာကြောင့် လုပ်ငန်းရှင်တွေ၊ ဆိုင်ရှင်တွေအနေနဲ့ ကိုယ့်ရဲ့ ဝန်ထမ်းကို လစာထဲက မဟုတ်ပဲ သွားလာရေးစရိတ်ခံစားခွင့်ကို သီးသန့်ပေးဖို့ တောင်းဆိုပါတယ်။

အလှူတွေ လိုက်လှူပြနေမယ့် အစား ကိုယ့်ဝန်ထမ်းကို အရင်ဖူလုံအောင် ထားပြီး လေးစားရတဲ့ လုပ်ငန်းရှင်ပုံရိပ်ကို ဒီအရွေ့မှာ ယူကြဖို့ အကြံပြုပါတယ်။

🟡 YPS ကတ်တွေ

အကြွေ ၆၀၀ ရှာရတဲ့ ဒုက္ခကင်းဝေးဖို့ YPS ကတ် သုံးပါတယ်ဆိုမှ ကတ်တွေ စက်ပိတ်ထားတာ၊ ငွေဖြည့်မရတာတွေနဲ့ ကြုံနေရရင် ကတ်ကိုလည်း ဘယ်သူမှ ကြိုက်ကြမှာ မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်က ဖြေထားတဲ့ အင်တာဗျူးမှာ KBZPay လိုမျိုး Mobile Banking နဲ့ ငွေဖြည့်နိုင်ဖို့ လုပ်နေတယ်ဆိုတာကို ဘယ်အထိရောက်ပြီလဲဆိုတာ အများပြည်သူသိအောင် ချပြပြီး YPS ဝန်ဆောင်မှုကို ရယူထားတဲ့ ယာဉ်လိုင်းကုမ္ပဏီ၊ ပိုင်ရှင်တွေကိုလည်း တိကျတဲ့ ကတ်ဖြတ်အရေအတွက်၊ ငွေပမာဏကိုလည်း တိတိကျကျ အသိပေးဖို့ လိုပါတယ်။

ဒါမှသာ ငွေဖြည့်ဖို့ ခက်ခြင်း၊ ကတ်စက်ပိတ်ခြင်းပြဿနာတွေကနေ ကင်းကွာလာမှာဖြစ်ကာ ဒီအချိန်ကို အခွင့်အရေးယူပြီး ကတ်တွေကို ဈေးလိုက်တက်ဖို့ ကြိုးစားနေရင်တော့ မှားနေပါပြီ။

🕹️ ခဏရပ်ထားရမယ့် အတွေးများ

ယာဉ်စီးခ ၆၀၀ ဖြစ်သွားလို့ တမှတ်တိုင်၊ နှစ်မှတ်တိုင်စီးလို့ အပိုင်းအခြား‌လိုက် ကောက်ခံမယ်ဆိုတာမျိုးကလည်း လတ်တလောတော့ လက်တွေ့မကျသေးသလို အဲကွန်းဝန်ဆောင်မှုကလည်း လက်တွေ့မကျသေးပါဘူး။

တကယ်က ၆၀၀ ကောက်လိုက်တဲ့ လအနည်းငယ်မှာ ကားတွေ ဘယ်လောက်ချောင်လာပြီလဲ၊ ကားတွေရဲ့ ခဏခဏမပျက်တော့ဘူးလားက အဓိကစောင့်ကြည့်ရမှာဖြစ်ပြီး ၆၀၀ ကြောင့် ယာဉ်လုပ်သားတွေအတွက် ဘယ်လောက်ပြေလဲသွားမလဲကလည်း အပေါ်က အကြောင်းအရာတွေဖြစ်ဖို့ အချိုးကျနေပါတယ်။

Yangon Bus Service က ဒီလိုမျိုး တနေရာ၊ တပိုင်းက စပြင်ရမှာမဟုတ်ပဲ စနစ်တခုလုံးကို တပြေးညီ နောက်တဆင့်အထိ တွန်းတင်နိုင်မှသာ လွယ်ကူနိုင်မယ်လို့ မှတ်ချက်ပြုရင်း အစစအရာရာ ဂရုစိုက်ကြပါ။

🔵 စက်တင်ဘာလ (၁) ရက်နေ့မှစကာ YBS ယာဉ်စီးခနှုန်းထား တိုးမြှင့်ကောက်ခံမည်၂၀၂၆ ခုနှစ်ရဲ့ လာမယ့် စက်တင်ဘာလ (၁) ရက်နေ့မှစကာ လက...
14/08/2026

🔵 စက်တင်ဘာလ (၁) ရက်နေ့မှစကာ YBS ယာဉ်စီးခနှုန်းထား တိုးမြှင့်ကောက်ခံမည်

၂၀၂၆ ခုနှစ်ရဲ့ လာမယ့် စက်တင်ဘာလ (၁) ရက်နေ့မှစကာ လက်ရှိကောက်ခံလျက်ရှိတဲ့ ယာဉ်စီးခ ၂၀၀ ကျပ်၊ ၄၀၀ ကျပ်နှင့် ခရီးစဉ်အကွာအဝေးအလိုက် ယာဉ်စီးခနှုန်းထားများကို ၁၀၀၊ ၂၀၀ ကျပ်စီတက်မည်ဖြစ်ကြောင်း YRTC မှ သိရှိရပြီး မြို့တွင်းပတ်ယာဉ်များမှာ ၂၀၀ ကျပ်မှ ၃၀၀ ကျပ်၊ ပုံမှန်ယာဉ်များမှာ ၆၀၀ ကျပ်နှင့် ခရီးဝေးကားများမှာ ယခုကောက်ခံနေတဲ့နှုန်းထက် အနည်းဆုံး ၂၀၀ ကျပ်ထပ်တိုးကောက်ခံဖို့ ရှိနေပါတယ်။

ယာဉ်စီးခနှုန်းထားများကို YPS ကတ်များတွင်လည်း ပြောင်းလဲမည်ဖြစ်ကာ သတ်မှတ်ရက်မတိုင်မှီ ပြောင်းလဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

မြင့်တက်လာတဲ့ ယာဉ်ပြင်ဆင်စရိတ်နှင့် ဆက်စပ်ကုန်ကျစရိတ်များကြောင့် ယာဉ်စီးခတိုးမြှင့်ကောက်ခံရေးကို YBS ယာဉ်လိုင်းများကို ပြေးဆွဲလျက်ရှိတဲ့ ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေးကုမ္ပဏီ (YUPT) နှင့် ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီ (YBPC) တို့မှ တင်ပြခဲ့ပြီး လက်ရှိပြေးဆွဲလျက်ရှိတဲ့ ယာဉ်များ ဆက်လက်ထွက်ရှ်နိုင်ရေး၊ ပြုပြင်ဆဲယာဉ်များ တိုးမြှင့်ထွက်ရှိနိုင်ရေးအတွက် ဝင်ငွေနှင့် ထွက်ငွေမျှ‌တနိုင်ရန် ယခုလို သတ်မှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

YRTC ကြီးကြပ်လျက်ရှိတဲ့ YBS ကုမ္ပဏီ (၂၁) ခုတွင် ယာဉ်စီးရေ (၅,၃၉၉) စီး ရှိတဲ့အနက် (၃,၀၀၀) ဝန်းကျင်ခန့်သာ ပြေးဆွဲနိုင်ပြီး ပြုပြင်ယာဉ်အဆင့်အနေဖြင့် အသေးစား (၁,၀၂၄) စီး၊ အလတ်စား (၂၀၉) စီး၊ အကြီးစား (၅၁၀) စီးရှိကြောင်း သိရှိရပါတယ်။

YRTC ရဲ့ စစ်တမ်းအရ နေ့စဉ် ခရီးသွားပြည်သူ (၁၈) သိန်းဝန်းကျင်ကို ပို့ဆောင်လျက်ရှိတဲ့ Yangon Bus Service မှာ နေ့စဉ်နှင့်အမျှ စီးနင်းသူဦးရေများပြာလာပြီး ယာဉ်စီးရေနှင့် စီးနင်းသူမျှတစွာ စီးနင်းနိုင်ခြင်း မရှိတဲ့အတွက် YBS ယာဉ်များ တိုးချဲ့ထွက်ခွာနိုင်ရေးနှင့် ပြုပြင်ပြင်ဆင်နေတဲ့ ယာဉ်များကို အမြန်ဆုံးထွက်ခွာနိုင်ရေးကို YRTC မှ ကြပ်မတ်ဆောင်ရွက်‌လျက်ရှိပါတယ်။

အဆိုပါ ယာဉ်စီးခ တိုးမြှင့်ကောက်ခံမှုအပေါ် စီးနင်းသူတချို့က ‌YPS ကတ်အသုံးပြုရမရမူတည်၍ ငွေအကြွေခက်ခဲနိုင်တယ်လို့ မှတ်ချက်ပြုထားပြီး ယခုလို ယာဉ်စီးခ တိုးမြှင့်ကောက်ခံပါက YRTC မှ ပြောဆိုသည့်အတိုင်း ယာဉ်အစီးရေလုံလောက်စွာ ထွက်ခွာဖို့ လိုအပ်တယ်လို့ ပြောဆိုကြပါတယ်။

Photo - Internet
Ref: Eleven Media, Anonymous Source

Address

Yangon

Alerts

Be the first to know and let us send you an email when YBS Explorers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share