21/03/2025
မြောက်ဦး ( သို့) မြန်မာပြည်ရဲ့ ပုန်းကွယ်နေတဲ့ ရတနာ.. 🙏
ရခိုင်ပြည်ကြီးရဲ့ တစ်ထောင့်တစ်နေရာမှာ သမိုင်းဝင်အမွေအနှစ်တွေ အထင်အရှားကျန်ရှိနေသေးတဲ့ တန်ဖိုးဖြတ်လို့မရတဲ့ ရှေးဟောင်းမြို့တစ်မြို့ရှိတယ်.. မြို့ဟောင်းလို့ အမည်တွင်ခဲ့တဲ့ သူဟာဘယ်လောက် အထိ ပုန်းကွယ်နေခဲ့ သလဲဆိုရင် မြို့အနေအထားကိုက မြေညီ မြေပြန့်မဟုတ်ပဲ.. တောင်ကုန်း တောင်ပူစာလေးတွေ ဝိုင်းနေတဲ့ မင်းနေပြည်တော်ကြီးဖြစ်ခဲ့တယ်.. ဓညဝတီခေတ်.. ဝေသာလီ .. လေးမြို့ခေတ်.. မြောက်ဦးခေတ် ဆိုပြီး ရခိုင်မင်းဆက်ရဲ့ နောက်ဆုံးဖြစ်ခဲ့တဲ့ ရှေးဟောင်းမြို့တစ်မြို့. ရှေးရခိုင်မင်းတို့ရဲ့ ခမ်းနားတဲ့ထီးနန်းတည်ဆောက်ပုံတွေ စနစ်ကျတဲ့မြို့ပြတည်ဆောက်ပုံတွေကို တအံ့တသြ လေ့လာခွင့်ရခဲ့တဲ့ သမိုင်းဝင်အမွေအနှစ်တွေ ထုံမွန်းထားတဲ့မြို့ ….ရှေးကျမယ်လို့ထင်ထားခဲ့ပြီးသားဖြစ်ပေမယ့် တကယ်တမ်းရောက်သွားချိန်မှာ ထင်ထားတာထက်ပိုပြီး ဟိုး ရခိုင် အစ ဓညဝတီ ခေတ်ကြီးထဲ ပြန်ရောက်သွားလို ခံစားမူတွေအများကြီးပေးတယ်.. ရခိုင်လူမျိုးတစ်ယောက်တဲ့ ဂုဏ်ယူစွာရှင်းပြခဲ့သမျှတွေကို လွတ်သွားမှာ စိုးပြီး သိချင်ခဲ့သမျှတွေ တစ်တွတ်တွတ်မေးရင်း ရခိုင်သမိုင်းနဲ့ မြောက်ဦး အကြောင်းကို မျက်လုံးထဲ တစ်ရေးရေးပုံဖော်နေရတာကို က ကိုယ်တွေရဲ့ မြောက်ဦးခရီးစဉ်က ပြည့်စုံလှနေပါပြီ..
မြောက်ဦးဆိုတာ…
မြောက်ဦးခေတ်မှာတင် ကို ပထမ မြောက်ဦး ၊ ဒုတိယ မြောက်ဦး ၊ တတိယ မြောက်ဦးဆိုပြီး ရှိတယ်… မြောက်ဦးခေတ်ကို စတင်တည်ထောင်ခဲ့တဲ့ မင်းက မင်းစောမွန်ဖြစ်ပြီး နောက်ဆုံး ဘုရင်က မဟာသမက ရာဇာ မင်းဖြစ်တယ်… ရခိုင်တို့ရဲ့နောက်ဆုံး ဘုရင်ပေါ့….. မြောက်ဦးခေတ် ဆိုရင် နှစ်ပေါင်း ၃၅၄ နှစ် တောင်ရှိခဲ့ပြီး မြောက်ဦးမှာ ယခုတိုင်တွေ့မြင်နေရတဲ့ ဘုရားစေတီ ပုထိုးတွေကမြောက်ဦးခေတ်ရဲ့ လက်ရာတွေပေါ့… ရခိုင်လူမျိုးတွေဟာ… တိဗက်-မြန်မာ အနွယ်ဝင်တွေ ဖြစ်ပြီး အိန္ဒိယဘက်ကနေ ရခိုင်ပြည်သို့ ရောက်ရှိလာတယ်လို့ယူဆကြရတယ်.. မြောက်ဦး (ခေါ်) မြို့ဟောင်းမှာဆို ဝေသာလီ စင်္ဒြ မင်းဆက်က ၄ ရာစုတည်းက အုပ်စိုးခဲ့ကြတာပေါ့.. သက္ကရာဇ် ၁၄၃၁ မှာ ရခိုင်ဘုရင် မင်းစောမွန်က ရခိုင်နိုင်ငံတော် (အာရကန်နိုင်ငံတော်) ရဲ့မြို့တော်အဖြစ် တည်ထောင်ခဲ့ပြီး ၁၇ ရာစုအလယ်တွင် မြို့တော်ရဲ့ အရွယ်အစားမှာ ၁၂၀၀၀၀ ဧက အထိရှိလာတယ်….. အဲမြို့တော်မှာဆို ပေါ်တူဂီ၊ နယ်သာလန်၊ အင်းဝ၊ ပဲခူး၊ အာရေဗီးယား၊ ပါရှား နှင့် အိန္ဒိယနိုင်ငံတို့နှင့် ကူးသန်းရောင်းဝယ် ဖောက်ကားမှုများ ရှိခဲ့တာတွေ ဆန်စပါး၊ ချည်မျှင်၊ ပတ္တမြား၊ ဆင်၊ ကျေးကျွန်၊ မြင်း၊ ဆင်စွယ်၊ ဟင်းခတ် အမွှေးအကြိုင်တွေ ကအစ ကူးသန်းရောင်းဝယ်နေကြပြီ… အဲအချိန်ထဲက ကုန်သွယ်မှုမှာ သိပ်ကို အောင်မြင်ခဲ့တယ့် နိုင်ငံတစ်နိုင်ဆိုတာ ငြင်းမရခဲ့ဘူး… မြောက်ဦးခေတ် အထွတ်အထိပ် ရောက်ချိန်မှာ ဒါကာနှင့် စစ်တကောင်း အပါအဝင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ နယ်နိမိတ် တစ်ဝက်ထိရော..အခု လက်ရှိ ရခိုင်ပြည်နယ် နဲ့မြန်မာပြည်အောက်ပိုင်းအထိကို အာဏာသက်ရောက်ခဲ့ပြီး အဲခေတ်တွေမှာဆို ရခိုင်ဘုရင်တွေက ရခိုင်စကားလုံးတွေ ၊ အာရဗီစကားလုံးတွေနဲ့ဘင်္ဂါလီ စကားလုံးတွေ ပါဝင်တဲ့ ဒင်္ဂါးများ ရိုက်နှိပ် သုံးစွဲခဲ့တာကို ကြည့်တာနဲ့တင် ဘယ်လောက်ထိ အင်အားကြီးခဲ့လဲဆိုတာ သိပ်သိသာတယ်…..
မင်းစောမွန်ကနေစပြီး မင်းပေါင်း ၁၂ ပါး ဆက်လက် စိုးစံခဲ့ပြီး မင်းခေါင်ရာဇာ လက်ထက်အထိ သိပ်ကို အောင်မြင်ခဲ့တာပေါ့.. မင်းခေါင်ရာဇာရဲ့ သားတော် သံတွဲစားမင်းပါကြီးက ၈၉၃ ခုနှစ်တွင် နန်းတက်ပြီး ၊ မြောက်ဦးမြို့တော်ကို ထပ်ပြီး အကြီးအကျယ်ကို တည်ဆောက်တာ… အဲချိန်မှာ အရမ်းကို အောင်မြင်နေတဲ့ အချိန်ဆိုတော့ မြန်မာတွေ ၊ မွန်တွေက မျက်စိကျနေလေရဲ့….မင်းပါကြီးကနေစပြိး မင်းပေါင်း ၉ ဆက်၊ ထပ်ပြီး အုပ်ချုပ်နေပြီး မင်းစနေ က ထီးနန်းထပ်ရပြန်တယ်… မင်းစနေ ကွယ်လွန်တဲ့ အခါကျမှ မင်းပါကြီးရဲ့မြစ်ဖြစ်တဲ့ နရပတိမင်းကနေ မင်းပေါင်း ၂၈ ဆက်လက် အုပ်ချုပ်နေတာကို လေ့လာမိရသလောက် သိပ်ကို အင်းအားကြီးခဲ့ မှန်း အရမ်းကို သိသာလွန်းတယ်…. ၁၁၄၆ ခုနှစ် မြန်မာမင်း ဘိုးတော်ဘုရားက က မြောက်ဦးကို သိမ်းခဲ့ပြီး ရခိုင် မင်းဆက်ပြီးခဲ့တယ်ပေါ့…
မြောက်ဦးအပေါ်ကိုယ့်အမြင် ..
မြန်မာပြည်မှာ ပုဂံပြည်ကြီးလို ဂုဏ်ယူစရာ နောက်ထပ်တစ်နေရာရှိနေတာကို က အတော်ကို ကျေနပ်စရာကောင်းနေပါပြီ.. ပုဂံဟာ သူ့ရဲ့ နံရံဆေးရေးတွေ ကြောင့်ဂုဏ်ယူရသလို မြောက်ဦးဟာလဲ သူ့ရဲ့ ပြောင်မြောက်လှတဲ့ ကျောက်ဆစ်လက်ရာတွေ ကြောင့် သိပ်ကိုစိတ်ဝင်စားဝရာကောင်းလှတယ်..ကမ္ဘာ့အံဖွယ်ထဲမှာ ပါဝင်နေတဲ့ ကမ္ဘောဒီးယားက အန်းကာဝပ် နဲ့ ကောင်းကောင်းကို ယှဉ်နိုင်တဲ့ ကျောက်ဆစ်လက်ရာတွေ နဲ့ ကျောက်တုံးတွေ ကိုဖြတ်ပြီး တည်ဆောက်ထားတဲ့ လက်ရာတွေက တကယ့်ကို အံမခန်းပဲ.. ရေကန်များ၊ ချောင်း၊ မြောင်းများဖြင့် သုံးရေ ဖြန့်ဝေပုံ၊ ရေအားလုံး ကာကွယ်ရေး စနစ် တည်ဆောက် ထားပုံ ကလည်း အတော်လေးထူးခြားတယ်.. ရေညှိတက်နေတဲ့ ဘုရားဆင်းထုတော်တွေနဲ့ ညိုမှောင်မှောင်ဖြစ်နေတဲ့ ဘုရားတွေ..ကျောက်ထီးတွေ နဲ့ တည်ထားတဲ့စေတီတွေကို က တခြားပြည်တွင်းက စေတီပုထိုးတွေ နဲ့ အတော်လေး ကွဲလွဲတယ်.. ထုံးဖြူဖြူ ..ရွှေရောင်ဝင်းဝင်း စေတီတွေ မြင်နေကျဖြစ်တဲ့ ကိုယ်တွေလို လူမျိုးတွေအတွက် က တော့ မြောက်ဦးဟာ ရှေးခေတ်ရာဇဝင်တွေ ရောက်သွားသလိုပါပဲ..သူ့ဓါတ်ပုံတွေ မြင်လိုက်ထဲက ဒါဟာ မြောက်ဦးက စေတီတွေဆိုတာကို တန်းသိနိုင်တယ်.. ပုဂံသွားတာထက် ပိုခက်ခဲ ပိုကုန်ကျပေမယ့် ကိုယ်သိချင်တဲ့ သမိုင်းစာအုပ်တစ်အုပ်ကို ဖတ်လိုက်ရသလို တန်ဖိုးရှိတယ်.. ပုဂံထက် နောက်ကျပေမယ့် ပိုပိုရှေးကျနေသလို ခံစားရတာကတော့ လူတွေလာရောက်လည်ပတ်မူ နည်းသေးသလို..ရခိုင်လူမျိုးတို့ရဲ့ ပကတိ အတိုင်း ထိန်းသိမ်းထားတဲ့ ယဉ်ကျေးမူအမွေအနှစ်တွေကြောင့်လဲဖြစ်မယ်.. ရောက်သွားရင်ကုန်ကျစရိတ်တွေရော ပေးရတဲ့ အချိန်တွေရောအတွက် နည်းနည်းမှ နှမြောမိမှာ မဟုတ်ပဲ မြောက်ဦးတင်မက ရခိုင် သမိုင်းကြောင်းတွေကိုပါ စိတ်ဝင်တစားလေ့လာခဲ့ရတာကို က ပိုမိုတဲ့ အကျိုးအမြတ်တစ်ခုပဲ.. တစ်ခြား မြန်မာနိုင်ငံတွင်းက နေရာဒေသတွေထက် မြောက်ဦးကိုရောက်ရင် သမိုင်းကြောင်း ဟာပိုလို့ကို စိတ်ဝင်တစားနားထောင်လို့ကောင်းနေပါလိမ့်မယ်..ဒါကိုက သူ့ရဲ့အားသာချက်တစ်ခုပါပဲ..
ဘယ်အချိန်တွေ သွားလည်သင့်သလဲ..
ဆောင်းရာသီကတော့ ရာသီသတု အလွန်ကိုသာယာလို့ သွားလည်သင့်ဆုံးပါပဲ.. ကိုယ်တွေကတော့ မိုးအကုန် ဆောင်းအကူးကာလလေးမှာသွားခဲ့တာပါ.. ရေညှိတွေ နဲ့ ဆင်းထုတော်တွေဟာ စေတီတွေ ကြားထဲသွားရတာဟာ တောနက်ကြီးထဲကပျောက်ဆုံးနေတဲ့ ခေတ်ကြီးတစ်ခုကိုရောက်သွားသလိုပါပဲ.. ွ လမ်းတစ်ဖက်တစ်ချက်ဆီက စပါးခင်းစိမ်းစိမ်းတွေကို မြင်ရတာလဲ အလွန်ကို မျက်စိပသာဒဖြစ်လှပါတယ်.. အခုကဆောင်းဝင်နေပြီမို့ ဖေဖော်ရီလကုန်အထိကို သွားလည်လို့ကောင်းပါတယ်..
မြောက်ဦးသို့
မြောက်ဦးဆိုတာ ရခိုင်ပြည်ရဲ့ မြို့တော် စစ်တွေကနေ ကားနဲ့ သုံးနာရီလောက်ထပ်စီးရတဲ့ နေရာမှာ တည်ရှိပါတယ်.. ရန်ကုန်ကနေ စစ်တွေ.ကို လေယာဉ်. စစ်တွေကနေ မြောက်ဦး ကိုကားနဲ့ သွားကြတာများပါတယ်.. ရန်ကုန်ကနေ မြောက်ဦး အထိကားနဲ့ သွားနိုင်ပေမယ့် ရခိုင်ရိုးမကိုဖြစ်ပြီး ကြာချိန်က ၂၇ နာရီဆိုတာကြီးကြောင့်လဲ မြောက်ဦးဟာ အမေ့ခံရတနာအဖြစ်တည်ရှိနေတာပါ.. ကိုယ်တွေ ၄ ယောက်သွားတာ လမ်းသိချင်တာ နဲံ့ ၂ ယောက်က ကားနဲ့ ကျန် ၂ ယောက်က လေယာဉ်နဲ့ သွားခဲ့ကြတယ်..
ကားနဲ့ ..
ရခိုင် ရိုးမ တက်ရင် အနည်းငယ် မူးတက်လို့ အမူးပျောက်ဆေး ဘာညာ တော့ ကြိုယူသွားတာကောင်းတယ်… ကားခက တစ်ကြောင်းကို ၂၃၀၀၀ ဝန်းကျင် ရှိပြီး ရန်ကုန်နေ မနက် ၈ နာရီထွက်ရင် မြောက်ဦး ကို နောက်မနက် ၁၀ နာရီလောက်ရောက်တယ်…. ကားတွေက ကြံတိုင်းအောင် ၊ ရွှေမန်းရတနာ ၊ အကယ်ဒမီ ၊ မိုးကောင်းကင် နဲ့တိုးရတနာ ကားတွေ ရှိတယ်…။ မိုးကောင်းကင် ရယ် ရွှေမန်းရတနာ ရယ်က ကားကောင်းတယ်.. ကုန် လဲလုံးဝမတင်ဘူး… တော်တော်အဆင်ပြေတယ် ပြောရမယ်ပေါ့…. တိုးရတနာ လိုင်းကို တော့ လုံး၀ recommend မပေးပါဘူး.. ကုန်တင်တာတွေများတာကြောင့် လူ အရမ်း ပင်ပန်းတယ်…. ခရီးစမထွက်ခင်တည်း တင်လိုက်တဲ့ ကုန်ဆိုတာ ခြေထောက်အောက်ပါမကျန် ၊ လူသွားလမ်းပါမကျန်..၊ နောက်ခုံတွေမှာပါအပြည့်… အဲတော့ အနံ့အသက်တွေ နဲ့တော်ရုံမမူးတက်တဲ့ သူတောင် တော်တော်ဆိုးပါတယ်… တစ်ခုရှိတာက မြောက်ဦးက ခရီးလမ်းကြောင်းရှည်တာကြောင့် ကားရွေးမှားလိုက်တာနဲ့အချိန်တွေ အရမ်းကို ကြာတက်ပါတယ်..ရိုးမ ဖြတ်ပြီး တစ်ညလုံးမောင်းပြီးတာနဲ့ရာမောင် တံတားဆိုတာ ရှိတယ်… အဲတံတားက ကားကြီးတွေ ပေးမဖြတ်တာကြောင့် ဇက် နဲ့ဖြတ်ရတယ်… အဲမှာ ကားတွေ တန်းစီးတာ များရင် အချိန်ကြာတက်သေးတယ.. ရာမောင် တံတားဖြတ်ပြီး ၂ နာရီလောက် ဆက်မောင်းရင် မြောက်ဦးရောက်ပါပြီ.. ကားနဲ့သွားတာ ဘာတစ်ခုကောင်းလဲဆိုတော့ လမ်းမှာမြင်ရတဲ့ရှူခင်းတွေက သိပ်ကို လှလွန်းတာရယ်…. ၊ ရခိုင်ရိုးမ ကို ဖြတ်တဲ့ အချိန် သိပ်လှတဲ့ မြင်ကွင်းတွေရယ်ကြောင့် ပင်ပန်းတယ်ဆိုတာ ဘယ်ဆီနေမှန်း မသိဘူးရယ်…။ စရိတ်က လဲ အများကြီးသက်သာသေးတယ်..။ တစ်ခုရှိတာက လမ်းမှာ ရပ်ပေးတဲ့ ထမင်းဆိုင်တွေက စားလို့လုံးဝအဆင်ပြေဘူးရယ်…။ တော်ရုံ မစားတက်တဲ့ လူဆို မုန့်တွေ ဆောင်သွားတာ အကောင်းဆုံးပါ…။
လေယာဉ်..
ပိုက်ဆံပိုကုန်ပေမယ့် လေယာဉ်နဲ့ပဲသွားပါလို့ အကြံပေးပါရစေ.. Mann Yadanar Pon နဲ့ MNA Air တို့စစ်တွေကို နေ့စဉ်ပြေးဆွဲပါတယ်..့ တကြောင်းကို ၈ သောင်းပတ်ခြာလည်လောက်ပဲရှိပါတယ်.. အသွားကို မနက်စော တဲ့ လေယာဉ်ယူပြီး အပြန်ကိုတော့ နောက်အကျဆုံး လေယာဉ်ကိုဝယ်ပါ.. စစ်တွေလေဆိပ်ရောက်တာနဲ့ မြောက်ဦးကို ထွက်မယ့် ကားဂိတ်လို့ပြောပြီင်္း ကားငှား ပို့ခိုင်းလို့ရပါတယ်..မြောက်ဦးအထိ စင်းလုံးငှားလို့ရပေမယ့် 1 သိန်းခွဲလောက် ရှိနိုင်လို့ ဈေးကြီးပါတယ်.. လိုင်းကားလဲအတော်အဆင်ပြေပါတယ်.. လေဆိပ်နဲ့ ကားဂိတ် ကလဲ 10 မိနစ်လောက်သာမောင်းရပြီး မြောက်ဦးထွက်တဲ့ လိုင်းကားတွေက HI Ace လေးတွေပါ.. လူပြည့်တာနဲ့ ထွက်ပြီး တစ်ယောက်ကို ၅ ထောင်ပဲပေးရပါတယ်.. ကိုယ်တွေကတော့ ကျယ်ကျယ်ထိုင်ချင်လို့ ၂ ယောက်စာလောက်ကို ဝယ်ထိုင်လိုက်တယ်.. လိုင်းကားဆိုတော့ ၃ နာရီခွဲလောက်စီးရပါတယ်.. မြောက်ဦးမှာ ဟိုတယ်ရှေ့အထိကားရပ်ပေးပါတယ်..
မြောက်ဦး ရောက်ရင် တည်းဖို့
မြောက်ဦးမှာ ဟိုတယ် များများစားစားတော့ မရှိဘူးရယ်…… နာမည်ကြီးပီး ဈေးကြီးတဲ့ Mrauk U princess Resort ရယ်.. အရင်က အစိုးရဟိုတယ် , Mrauk U Hotel ရယ်.. နောက် Shwe Thazin Hotel ရယ်ရှိတယ်…. Mrauk U princess မှာ ၂ ယောက်ခန်းကို 1သိန်းပါ.. .Mrauk U hotel မှာ အခန်းတွေက အစားစား ရှိတယ်…. ၆သောင်းကနေပြီးတော့ ၁ သိန်းထိ ရှိတယ်. ကိုယ်တွေတည်းခဲ့ပြီး ကိုယ် recommended ပေးတာက Shwe Thazin Hotel (09265923233 ) ပါ.. အခန်းကောင်းတွေ ရှိသလို Budget တည်းလို့ရတဲ့ အခန်းတွေလဲရှိပါတယ်.. တော်တော်ကို အဆင်ပြေပြီး မနက်စာbuffet breakfast ကလဲ ကိုယ့်အကြိုက် Local အပြင် တခြား အစုံအလင်ရယ်…နေရာကလဲ ရှစ်သောင်းတို့ ..အံတော်သိမ်တို့ကို လမ်းလျှောက်သွားလို့ရလို့ ကွက်တိပါပဲ..ဈေးတွေက် bungalow type နဲ့ အခန်းကျယ်တွေက ၅ သောင်းဖြစ်ပြီး .. Budget ခန်းတွေက တော့ ၂ သောင်းခွဲပါ.. ဒီအခန်းလေးတွေလဲ တော်တော် အဆင်ပြေတယ်… ဈေးသက်သာပြီး budget တည်းချင်တဲ့ သူတွေ အတွက်က Happy Garden Guesthouse (09772662102, 09421733660 )ရှိတယ်…။ဒီ guesthouse က ကံလှကန် နံဘေးမှာရှိပြီး roome type လေးတွေက bunglow type ရှိတယ်.. အခန်းဈေးနှုန်းတွေကလဲ 2 သောင်းပါ..
မြောက်ဦးမှာလည်မယ်ဆို …..
မြောက်ဦးမြို့လေးဟာထင်ထားတာထက်ပိုပြီးတော့ ကျဉ်းပါတယ်.. တောင်ကုန်းလေးတွေ ဝိုင်းနေလို့ တခါတခါ ဘုရားတွေက ပျောက်နေတတတ်တယ်.. ကား မဟုတ်ရင် တုတ်တုတ်လေးတွေကို တစ်နေကုန်ငှားထားရမယ်…..တစ်နေကုန်ကို 3 သောင်းခွဲလောက်ပေးရပြီး လေးယောက်စီးလို့ရလို့ အဆင်ပြေတယ်.. ဒါမှမဟုတ်ပဲ ကိုယ်တွေကလူငယ်ကြီးပဲဖြစ်လို့activity လေးတစ်ခုလုပ်ချင်တယ်ဆိုရင်တော့ mountain စက်ဘီးလေးတွေနဲ့လည်လို့ရတယ်… ဘုရားတွေကြားထဲ စက်ဘီးလေးစီးရတဲ့ ခံစားချက်က တစ်မျိုးလေးရယ်…. mountain စက်ဘီးဆိုတော့ လူလဲ အရမ်းမပင်ပန်းဘူးလေ…. စရိတ်ကလဲ အရမ်းသက်သာသေးတယ်…..တစ်နေကုန်မှ စက်ဘီးတစ်စီးကို ၁ သောင်းပဲပေးရတယ်… guide ပါခေါ်မယ်ဆိုရင်တော့ guide အတွက် ၅၀၀၀ ပိုပေးလိုက်ရင်ရင်ပြီ..
အဲမှာတစ်ခုပြောချင်တာက မြောက်ဦးမှာ လည်မယ်ဆို Guide နဲ့သွားတာအကောင်းဆုံးပါ…..ဘုရားသမိုင်းတွေအကြောင်းတွေပြောပြတာ သိပ်နားထောင်လို့ကောင်းပြီး စိတ်ဝင်စားဖို့လဲအရမ်းကောင်းတယ်……ဗဟုသုတလဲ အရမ်းရတာ…..
ကားနဲ့လည်မယ်ဆိုရင်တော့ ကားခက အံစားတုံးကားလောက်ဆို ၉သောင်း ၊ ၅ ယောက်စီး ကားသေးဆို ၆သောင်း ပေးရတယ်… ဒါကတစ်နေကုန်ပေါ့… ကိုယ်သွားချင်တဲ့ နေရာအကုန်ပို့ပေးတယ်….. guide ပါ ခေါ်မယ်ဆို ၃ သောင်း ထပ်ပေးရတယ်…( သူကတော့ သေချာလေးကို ရှင်းပြတဲ့ ဂိုက်ပေါ့ ). ကား ၊ တုတ်တုတ် ဒါမှမဟုတ် စက်ဘီး ငှားမယ် ၊ guide ငှားမယ်ဆို ကြိုပြီးပြောထားမှအဆင်ပြမှာ… 09450048813 ကို ဖုန်းဆက်ပြီးစီစဉ်ခိုင်းလို့ရတယ်…။ မသွားခင်ကြိုပြီး book လုပ်ထားတာအကောင်းဆုံးပါ…..
ဘယ်တွေလည်ကြမလဲ …..
မြောက်ဦးမှာအနည်းဆုံး 3 ရက်လောက်လည်မှ အဆင်ပြေပြေ သက်တောင့်သက်သာနဲ့လည်နိုင်မှာပါ.. ကားနဲ့သွားမယ့်လူဆိုရင်မြောက်ဦးကို မနက်အစောကြီး ရောက်ပြီး နေ့လည်ဘက်ကစလည်နိုင်ပြီး..လေယာဉ်နဲ့သွားမယ့်သူတွေကတော့ ညနေလောက်မှ ရောက်မှာမို့ နေဝင်ချိန်ပဲကြည့်လို့ရမှာပါ..
Day 1 ညနေခင်း လောက်မှရောက်မှာဆိုတော့ ညနေစောင်းလေး ခဏလောက်ပဲ လည်လို့ရမယ်… အဲတော့… ညနေမှာ ရတနာပုံ ဘုရားအနောက်ဘက်က ရွာလေးအနီးမှာရှိတဲ့Discovery တောင်မှာ sunset သွားလို့ရပါတယ်... Shwe Thazin Hotel မှာ တည်းမယ်ဆို အဲနားတင်ဆိုတော့ လမ်းလျှောက်သွားရင်ကို ရတယ်…။ လမ်းမလျှောက်ချင်ဘူးဆိုလည်း ဟိုတယ်မှာ စက်ဘီးငှားသွားလို့ရတယ်…
Day 2 မနက်အစောကြီးထပြီး main လမ်းမကြီးဘေးမှာတင်ရှိပြီး နဝရတ်ဟိုတယ် နားလေးတင်ရှိတဲ့ ဦးမြဝါတောင်မှာ Sunrise ကြည့်ရင်သိပ်ကိုလှတာ……မျက်စိတစ်ဆုံးရှုခင်းကြီးနဲ့ဟိုးအဝေးက ရှေးဟောင်းဘုရားတွေကို မြင်နေရတဲ့ မြင်ကွင်းက သိပ်လှလွန်းအားကြီးတယ်…..မြောက်ဦးရဲ့နေထွက်ချိန်ဟာ အရမ်းကိုလှပြီး လွမ်းမောဖွယ်ကောင်းလှတယ်..နေထွက်လာပြီဆိုတာနဲ့ ကိုးသောင်း ဘုရားကို အရင်ဆုံးသွားလည်မယ်….. မနက်စောစော ကိုးသောင်းပုထိုးတော်ကြီးကို သွားရတာ သိပ်သာယာတာ…လူလဲမရှိသေးပဲတတ်ဆိတ်နေရောပဲ..သူကတော့ မြို့ပြင်မှာ မို့ 15 မိနစ်လောကဲမောင်းရတယ်. ကိုးသောင်းဘုရားရဲ့ဝင်းထဲကို ဝင်ထဲကိုက စေတီတွေအများကြီးကို ဟိုးအဝေးကြီးက မြင်နေရပြီ ..ရင်ပြင်ကြီးအောက်ဆင်းလိုက်တာနဲ့လိုဏ်ဂူတွေအထပ်ထပ်နဲ့လိုဏ်ဂူနံရံတွေမှာ ရေညှိစိမ်းတွေ တက်နေတာက ပိုပြီးတော့ကို ဆွဲဆောင်နေတာ….. မြောက်ဦးခေတ်က လက်ရာတွေက တကယ့်ကို အံ့မခန်းဆိုတာကိုပါ တွေ့နိုင်သေးတယ်.. မိုးတွင်း နဲ့မိုးတွင်းကုန်ခါစ အချိန်မှာဆို ရေညှိစိမ်းတွေက စိမ်းစိုပြီး ပိုပြီး သပ္ပယ်ပါတယ်.. ပြီးရင်တော့ ဟိုတယ်ပြန်ပြီး မနက်စာစား..ခနနားပြီးရင်တစ်နေကုန်လည်လို့ရပြီ..
စပြီး မာန် ငါးပါး သွားဖူးလို့ရတယ်..ဇိနမာရ်အောင် ဘုရားဆို တောင်ကုန်းလေးပေါ်မှာ တည်ထားတာဖြစ်ပြီး တရုတ်စကားပင်ကြီးတွေ တန်းစီနေတာ သိပ်ကိုလှတာ…. ဘုရားရှေ့က တောင်ကုန်းလေးပေါ်မှာပဲ စေတီလေးတစ်ခုရှိသေးတယ်… အဲစေတီပေါ်ကမြင်ရတဲ့ မြင်ကွင်းကသိပ်လှတာ… စေတီနောက်ဘက်လှမ်းကြည့်လိုက်ရင် အုန်းတောကြီးက မျက်စိတစ်ဆုံး… တောင်ကုန်းလေးပေါ်မှာထိုင်ပြီး မျက်စိတစ်ဆုံး အုန်းတောကြီးကိုကြည့် လေလေးကတစ်ဖြူးဖြူးနဲ့အရမ်းကို လှလွန်းအားကြီးတယ်… ပြီးရင် ရှေးဟောင်း စန္ဒမုနိဘုရားကြီးနဲ့ကျောင်းတိုက်ကို သွားမယ်..
ညနေပိုင်းကိုတော့ သျှစ်သောင်းဘုရား ၊ အံတော်သိမ်ဘုရား ၊ ရတနာပုံစေတီတော် ၊ ထုက္ကန့်သိမ် အဲဘုရားတွေ အကုန် လည်လို့ရတယ်….။ အဲပတ်ဝန်းကျင်နားလေးတင် ဘုရားတွေက ပတ်ပတ်လည်ရှိနေတော့ အဲနားရောက်ရင် မြောက်ဦးခေတ်ကြီးထဲ ပြန်ရောက်သွားသလို ခံစားမိစေတယ်…. သျှစ်သောင်းဘုရားဆို မြောက်ဦးမှတင်မဟုတ်ပဲ ကမ္ဘာမှာပါ အရမ်းကျော်ကြားတဲ့ ပုထိုးတော်ကြီးပေါ့…..သျှစ်သောင်း ပုထိုးတော်ကြီးရဲ့ဂူပေါက်ကနေ လှမ်းမြင်နေရတဲ့ဘုရားတွေနဲ့ရှုခင်းက ထိုင်မငေးပဲကို မနေနိုင်ဘူးရယ်….။ ပြီးရင် အဲနားက ထုက္ကန့်သိမ် နဲ့အံတော်သိမ် ဘုရားကြီးတွေရဲ့ဗိသုကာလက်ရာတွေနဲ့ ကျောက်ဆစ်လက်ရာတွေက အံ့သြဖို့ကောင်းလောက်အောင် ခမ်းနားလွန်းတယ်….. အထဲက လိုဏ်ခေါင်း နဲ့လိုဏ်ခေါင်း နံရံတွေမှာ ထွင်းထားတဲ့ ကျောက်ဆစ်ဗိသုကလက်ရာတွေကလဲ ပြောင်မြောက်လွန်းတယ်….
ရတနာပုံစေတီ နောက်က ရတနာပုံတောင်မှာ ညနေ sunset ကို ကြည့်ကြမယ်….။ ရတနာပုံစေတီကြားထဲကနေ စေတီတွေကို ဖြတ်ပြီး ထိုးထွက်လာတဲ့ ရောင်ခြည်ပြေးလေးက စေတီတွေကြားမှာ အရမ်းကို ပနာသင့်နေတာ….
မြောက်ဦးဟိုတယ် ရဲ့နောက်ကျောဘက်က ဟာရီတောင်မှာ sunset ကြည့်ချင်ကြည့်လို့ရတယ်....
Day 3 ကားနဲ့ ပြန်မယ့်သူတွေအတွက်ကတော့ ဒီနေ့ မြောက်ဦးကနေ ဝေးတဲ့နေရာတွေကို သွားဖို့ ကားငှားထားဖို့လိုပြီး လေယာဉ်နဲ့ ပြန်မယ့်သူတွေ အတွက်ကတော့ စစ်တွေသွားရင်းလမ်းမှာ ဝင်လည်သွားလို့ရတယ်.. ကျောက်တော်တောင်.. ဝေသာလီနဲ့ မဟာမုနီစေတီတော်ကြီးစတာတွေကို သွားလည်လို့ရတယ်.. ကားကို ကျောက်တော်အထိလည်ဖို့ငှားပြီး အဲ့ဒီကနေမှ လိုင်းကားစီးပြီးစစ်တွေကို ပြန်လို့ရပါတယ်.. ကျောက်တော်တောင်ကနေ ကစ္စပနဒီမြစ်ကြီးကို လှမ်းမြင်ရတယ်.. လမ်းမှာတော့ မျောက်တွေ အများကြီးရယ်. စစ်တွေအထိတစ်ခါတည်းငှားရင် 1 သိန်းခွဲကျော်လောက်ကျမှာ ဖြစ်လို့ ကျောက်တော်အထိပဲလည်ချင်တာတွေလည်.. လမ်းမှာ ကြာကန်တွေ..ကစ္စပနဒီမြစ်ကြီး နဲ့ ဓါတ်ပုံရိုက်ချင်သူတွေ အတွက် တဝက်လောက်ကို ကားငှားသွားတာ အဆင်ပြေဆုံးပဲ.. ကားဂိတ်အထိလဲ လိုက်ပို့ပေးလို့ နောက်ထပ် ၂ နာရီခွဲလောက်ပဲ လိုင်းကားထပ်စီးရမှာပါ.. မြောက်ဦးကနေ ကားနဲ့ ပြန်မယ့်သူတွေ အတွက်ကတော့ အဲ့ဒီနေရာတွေသွားလည်ဖို့ ကားငှားရပြီး တစ်နာရီလောက် သွားရပါမယ်.. ကားခက
နောက်ထပ် အချိန်တွေရှိသေးတယ်ဆိုရင်တော့ မျက်နှာမှာ ပရဲ ထိုးထားတဲ့ ချင်းအမျိုးသမီးကြီးတွေရှိတဲ့.. ချင်းရွာကို သွားလည်လို့ရတယ်…. ဒါတွေမကသေးဘူး တခြား activity တစ်ခုလုပ်ချင်သေးတယ်ဆို မြောက်ဦးမြို့လေးနဲ့ဘုရားတွေ ကြားတဲ့ စက်ဘီးလေးစီးရင် လည်ကြမယ်… ဒါကလဲ တကယ့်အကြုံတစ်ခု အရမ်းမိုက်တာ… စက်ဘီး tour သွားချင်တယ်ဆို Mrauk U Bike Adventure (09450048813) ဆိုတဲ့Page က တော်တော် အဆင်ပြေတယ်…။
မြောက်ဦး ရဲ့ စားသောက်ဆိုင်တွေ..
မြောက်ဦးမြို့လေးဟာ အတော်လေး သေးပြီး ရွေးချယ်စရာဆိုင်ကောင်းကောင်းတွေ သိပ်မရှိလှပါဘူး.. သို့ပေမယ့် ရခိုင်စာတွေ နဲ့ ရခိုင်မုန့်တီနဲ့တင် ကိုယ့်အတွက်က အတော်ကို လုံလောက်ပါတယ်.. ရခိုင်ငရုတ်သီးထောင်းကို နှတ်ခမ်းပူတဲ့ အထိစားပြီး ဆီနည်းနည်းနဲ့ ချက်ထားတဲ့ ရခိုင်ဟင်းတွေ .. ပြည်ပကြီးမှာ သိပ်စားလေ့မရှိတဲ့ အမျိုးစုံအောင် ချပေးတဲ့ ရခိုင်ဟင်းတွေနဲ့ကို ထမင်း သုံးပန်ကန်လောက် အသာလေးပါပဲံ.. စားလို့ကောင်းတဲ့ ရခိုင် ထမင်းဆိုင် နှစ်ဆိုင် ရှိပြီး ကောင်းသန့် နဲ့ ငွေတောင်လို့ခေါ်ပါတယ်.. ဈေးလဲပေါပါတယ်.. အဝစား ၃ ထောင်လောက်ပါပဲ.. တရုတ်ဆိုင်လို နိုင်ငံခြားသားတွေ အစားများတဲ့ ဆိုင်ကတော့ မိုးချယ်ရီပါ.. ဆီချက်တို့ ခေါက်ဆွကြော်တို့ ပေါ့ပေါ့ပါးပါး စားချင်ရင်တော့ For You ဆိုတဲ့ ဆိုင်လေးရှိပါတယ်.. သူ့ရဲ့ ဆီချက်က ပြည်ပကြီးက နဲ့တော့ အတော်လေးကွဲပါတယ်..
ကုန်ကျစရိတ်
မြောက်ဦးဟာ လမ်းပန်းဆက်သွယ်ရေးအရ ကုန်ကျစရိတ်များတယ်လို့ဆိုရမှာ ဖြစ်ပေမယ့် ရောက်သွားပြီးရင် နောင်တမရစေရပါဘူးလို့ အာမခံပါတယ်.. ကားနဲ့ သွားမယ်ဆိုရင်တော့ တစ်ယောက်ကို ၁ သိန်း ၈ သောင်း ပတ်ခြာလည်လောက် ကုန်ကျနိုင်ပြီး အချိန်တော့ အလွန်ပေးရမှာပါ.. 6 ရက်လောက်ကုန်ပါမယ်.. လေယာသ်နဲ့ဆိုရင်တော့ 3 သိန်းကျော်လောက် ကုန်နိုင်ပြီး 4 ရက်လောက်နဲ့ သက်တောင့်သက်သာ သွားနိုင်မှာပါ..
ရခိုင်ပြည်ဆိုတာ သမိုင်းကြောင်းကြီးခဲ့တဲ့ ပြည်ကြီးဖြစ်ခဲ့ပြီး ကမ်းခြေတွေ..ရိုးမတွေ.. နာမည်ကျော်တဲ့ ဒေသအစားအစာတွေနဲ့ ယဉ်ကျေးမူတွေ.. ဘာသာတရားကိုင်းရိူင်းမူတွေ နဲ့ ပြည့်နေတဲ့ ကိုယ်တွေရဲ့ သွေးချင်း ပြည်နယ်တစ်ခုပါ.. အနောက်ဘက်က လူမျိုးခြားတွေရဲ့ ခြိမ်းခြောက်မူတွေကို ကြံကြံခံရင်း ဒီနေ့ထက်ထိကို ယဉ်ကျေးမူနဲ့ ဘာသာတရားကို ထိန်းသိမ်းထားတာ မြောက်ဦးရောက်ရင် မျက်ဝါးထင်ထင်တွေ့ရပါလိမ့်မယ်.. မဟာမုနိကို ရောက်တဲ့နေ့က ဥပုဒ်နေ့တဲ့ တိုက်ဆိုင်လို့ ဘုရားမှာ ယောဂီဝတ်တွေ နဲ့ ဥပုဒ်စောင့်တရားနာကြတဲ့ ရခိုင်လူမျိုး လူကြီးလူရွယ် အများကြီးကို တွေ့ရတာ ကိုယ်တော်တော်လေး အံသြမိတယ်.. တစ်နေကုန် ဘုရားမှာပဲနေပြီး ဥပုဒ်စောင့်ကြမယ့် လူအုပ်ကြီး ရဲ့ ဘာသာတရား ကိုင်းရိူင်းမူကို ကြည့်ပြီး ကြည်နူးမိတယ်.. မြန်မာလို ပြောနေသလို ထင်ရပေမယ့် ကိုယ်တစ်လုံးမှ နားမလည်တာကို စိတ်ရှည်ရှည်နဲ့ အထပ်ထပ်အခါခါ ပြောပြပေးတဲ့ ချစ်စရာရခိုင်လူမျိုးတွေ.. လူမျိုးခြားတွေရဲ့ ရန်ကြောင့် တစ်ခါတစ်လေအခုမှ စတွေ့တဲ့လူကို မယုံကြည်သလို အကြည့်တွေနဲ့ ကြည့်တတ်ပေမယ့် ခင်သွားပြီဆိုရင် ပိုက်ဆံတောင်မယူတော့ ပဲ အမျိုးတွေလာသလို အပိုဆောင်းလိုက်ပို့ပေးတတ်တဲ့ သုံးဘီးသမားတွေ.. နဲ့ ဒေသခံတွေ.. ရခိုင်အစားအစာတွေ.. စိတ်ဝင်စားစရာပြည့်နေတဲ့ သမိုင်းကြောင်းတွေ.. မြစ်ချောင်းအင်းအိုင်တွေ အများကြီးနဲ့ စပါးခင်းတွေ..၁၄ ရာစုထဲကကျန်ရှိနေတဲ့ ကျောက်ဆစ်လက်ရာတွေနဲ့ ကွဲပြားခြားနားနေတဲ့ စေတီပုထိုးတွေကို ဖူးမျှော်လေ့လာခွင့်ရတာနဲ့တင်မြောက်ဦးကို လာရတာ တကယ်ကိုတန်နေပါပြီ..
မြောက်ဦးမသွားခင်က ဂျပန် မီဒီယာ တစ်ခုကို မြန်မာပြည်လာဖို့ ဖိတ်ချင်လို့ ဂျပန်တစ်ယောက်နဲ့ စကားပြောမိတော့ ဒီနှစ်ထဲ ဂျပန်တွေက ပြည်ပ ခရီးစဉ်တွေ သိပ်သွားမှာ မဟုတ်ပါဘူးတဲ့ ..ဘာလို့လဲဆိုတော့ ဂျပန်မှာ ဒီနှစ် သဘာဝဘေးအန္တရာယ်တွေ ဖြစ်တဲ့ မုန်တိုင်းတွေ ငလျင်တွေလူပ်လို့ ဒေသတော်တော်များများ ထိခိုက်မူရှိနေတယ်တဲ့ ..အဲ့ဒီတော့ သူတို့လူမျိုးတွေက အဲဒီ ဒေသတွေကို ခရီးသွားရင်း သုံးခဲ့တဲ့ငွေတွေက သူတို့ဒေသ ရဲ့ စီးပွား ရေး နဲ့ သူတို့ ဆီလာလည်တဲ့ သူတွေများပါလားဆိုတဲ့ စိတ်ဓါတ် မြင့်တင်ရေးကိုပါ အထောက်အပံပေးလိုက်နိုင်ပါတယ်တဲ့ .. သူတို့အစိုးရကလဲ ဒီဒေသတွေကို သွားလည်ဖို့ကို လူံဆော်ထားပါတယ်တဲ့.. ကိုယ့်မယ် ကြားကြားချင်း ဘာပြန်ပြောရမှန်းကို မသိတော့ အောင်ကို အံသြပြီး ချီးကျူးမိတယ်..
ကိုယ်တွေကရော… ဟုတ်တယ် ..ကိုယ်တွေ လဲ သွားရမယ်.. သူတို့လို သဘာ၀ ဘေးအန္တရယ်တောင် မဟုတ်ဘူး.. တိုင်းပြည်ကို အထင်မြင်အများကြီးလွဲမှားနေတဲ့ ဒီရခိုင်ပြည် ကိစ္စကို… .ဒီလို နိုင်ငံတကာက အထင်မြင်လွဲမှာနေချိန်မှာ ရခိုင်ဒေသကို ပိုလို့တောင်ခရီးသွားဖို့လိုပါသေးတယ်.. ဓါတ်ပုံတွေ ဝေဝေဆာဆာတင်ရင်း သူတို့ထင်နေသလို မျိုး မဟုတ်တဲ့ အကြောင်းတွေကို ရခိုင်ဒေသရဲ့ နာမည်ကျော်ဒေသတွေကို စိတ်အေးချမ်းသာစွာ ခရီးသွားရင်း ပြသလို့ရပါတယ်.. ကိုယ်တွေ နဲ့ တသားထဲဖြစ်ကြောင်း ..လည်ပတ်စရာနေရာတွေ နဲ့ သိပ်လှပြီး ခမ်းနားတဲ့ သမိုင်းဝင်အမွေအနှစ်တွေ အများကြီး ရှိတဲ့ မြောက်ဦး ရှိတဲ့ ရခိုင်ပြည်ကြီးကို သွားလည်ကြရအောင်နော်..