26/01/2026
ပုသိမ်ကနေ မော်တင်စွန်းကို ဘယ်နှစ်နာရီလောက် ကားမောင်းရလဲ လမ်းကောင်းရဲ့လား မေး နေတဲ့သူများအတွက်
မော်တင်စွန်းဆိုတာကတော့ မြန်မာနိုင်ငံ အနောက်တောင်ဘက်အစွန်း မော်တင်အငူ(Cape Nagris) ကို ခေါ်ဆိုခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တို့၏ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် မြတ်မော်တင်စွန်းတည်ရှိနေသော နေရာလည်း ဖြစ်ပါတယ်။
ပုသိမ် မှ မြတ်မော်တင်စွန်းအထိ ၉၅ မိုင် ရှိပြီး ပုသိမ် ကြိုးတံတား မှ စတင်ရေတွက်ခြင်း ဖြစ်ပါသည်။
ငွေဆောင် - မော်တင် လမ်းခွဲ ( ၁၁ မိုင် - မောင်းချိန် ၃၀ မိနစ်)
ပုသိမ် - ငွေဆောင်လမ်းအတိုင်း စတင်မောင်းနှင်ရမှာဖြစ်ပြီး လမ်းကောင်းပြီး အကွေ့အကောက်မရှိသဖြင့် အမြန်နှုန်းအသင့်တင့်ဖြင့် မောင်းနိုင်ပါတယ်။
တွန်ပလွန်တံတား၊ သလပ်ခွာရွာနှင့် တံတား ကျော်ပြီးပါက စိန်တောင် တိုးဂိတ် ကိုရောက်ပါသည်။ တိုးဂိတ်ဖြတ်ပြီးသည်နှင့် ငွေဆောင် - မော်တင် လမ်းခွဲ မိုင်တိုင် ၁၁ ကိုရောက်ပါပြီ။
လမ်းခွဲဆိုင်းဘုတ်က သေးပြီးနိမ့်လို့ ငွေဆောင်ဘက်ကို မှားပြီးသွားတတ်ပါတယ် လမ်းခွဲရောက်ရင် ဘယ်ဘက် မော်တင်လမ်းခွဲအတိုင်း ၈၄ မိုင် ထပ်မံမောင်းရမှာဖြစ်ပါသည်။
ငွေ ဆောင် - မော်တင်လမ်းခွဲ - မဏ္ဍပ်ရွာ ( ၁၇ မိုင် - မောင်းချိန် ၁ နာရီခန့်)
ငွေဆောင်လမ်းခွဲကျော်သည်နှင့် တောင်တက် တောင်ဆင်း အကွေ့အကောက် များစတင် တွေ့ရှိရမှာ ဖြစ်ပါတယ်။
(မိုင်တိုင် ၂၁ မိုင် ၃ ဖာလုံ၊ လမ်း၏ ဘယ်ဘက်တွင် အတွင်းဒီပါလေးဆူတွင် တစ်ခုဖြစ်သည့် အလုံမြတ်ဒီပါရုံ အဝင်မုခ်ဦး ရှိပါတယ်အလုံမြတ်ဒီပါရုံကို ဖူးမျော်ချင်တယ်ဆိုရင် ပုသိမ် - မော်တင်စွန်းလမ်းမှ မြင်းကကွင်းရွာဘက် ၁ မိုင်ခန့် ကွန်ကရစ်လမ်းအတိုင်းမောင်းသွားရမှာဖြစ်ပါတယ်)
အကွေ့အကောက် တောင်တက် တောင်ဆင်းများ အတိုင်း ရှုခင်းကြည့်ရင်းမောင်းသွားပါက မိုင်တိုင် ၂၈ မိုင် ၅ ဖာလုံတွင် မဏ္ဍပ်ရွာကို ရောက်မှာဖြစ်ပါတယ်။
ပုသိမ်မြို့နယ်အဆုံးရွာလေးဖြစ်ပြီး ငပုတောမြို့နယ်အစပါ ရိုးမ အစပ်ကရွာလေးဖြစ်ပြီး မဏ္ဍပ်ရွာကို ကျော်သည်နှင့် တောင် အတက်အဆင်း မတ်စောက်များပြားသဖြင့် လူ နှင့် ကား တစ်ထောက်နားသင့်ပါတယ် ထမင်းဆိုင်များလည်းရှိပြီး တောကောင်သားများလည်းရနိုင်ပါတယ်။
မဏ္ဍပ်ရွာ - ငရုတ်ကောင်းတောင်ရွာ ( ၂၆ မိုင် - မောင်းချိန် ၁ နာရီ ၃၀ မိနစ် )
မဏ္ဍပ် - ငရုတ်ကောင်းတောင် လမ်းက ရိုးမအတိုင်း မြောက်မှ တောင်သို့ ဖောက်ထားသောလမ်းဖြစ်ပါတယ်အတက် အဆင်း မတ်စောက်ပြီး လမ်းကျဉ်းပါတယ်။
၂၆ မိုင်ခရီးကို ဖြည်းဖြည်းမှန်မှန် (Safe Speed ) ဖြင့်မောင်းပါက ၁ နာရီ ၃၀ မိနစ်လောက်မောင်းရပါတယ် ငရုတ်ကောင်းတောင်ရွာသည် မိုင်တိုင် ၅၄ ခန့်တွင်ရှိပြီး ခရီးသွားကားများ တစ်ထောက်နားရာဖြစ်သည့်ပြင် ငရုတ်ကောင်း - မော်တင်လမ်းခွဲဖြစ်ခြင်းကြောင့် စားသောက်ဆိုင်များ ပေါများပြီး စျေးလည်းချိုသာပါတယ် လမ်းခွဲတွင် ဓါတ်ဆီဆိုင် ရှိပါတယ်။
( ဂေါ်ရန်ဂျီ သွားမည့်ဆိုပါက ယခုလမ်းခွဲတွင် ညာဘက်သို့ သွားရမှာဖြစ်ပါတယ်)
ငရုတ်ကောင်းတောင်ရွာ - မော်တင်စွန်း ( ၄၀ မိုင် - မောင်းချိန် ၁ နာရီ ၃၀ မိနစ် )
ငရုတ်ကောင်းတောင်ရွာကျော်ပြီး ဆက်မောင်းပါက ငရုတ်ကောင်းတောင်၊ ငပြေမ တောင်များကို ထပ်မံ ကျော်ရမှာဖြစ်ပါတယ် တောင်တက် တောင်ဆင်း ရှည်ပြီး ပိုလည်း မတ်စောက်ပါတယ်။
ပိုးလောင်းလမ်းခွဲ၊ ကျုံကူးလမ်းခွဲ များကိုဖြတ်ပြီး မိုင်တိုင် ၈၂ လောက်မှာ ငပြေမ စံကျောင်းကို လက်ဝဲဘက်တွင် တွေ့ရမှာဖြစ်ပါတယ် ခေတ္တ အနားယူရင်း ရဟန္တာစံကျောင်းကိုလည်း ဝင်ရောက်ဖူးမျော်နိုင်ပါတယ်။
ငပြေမ စံကျောင်းကိုကျော်ရင်တော့ အတက်အဆင်းမရှိသလောက်ဖြစ်သွားပြီး လမ်းလည်းအနည်းငယ် ဖြောင့်သွားပါတယ် နောက်ထပ် ၃၀ မိနစ်လောက် မရမ်းကွင်း၊ ကုန်းတန်း၊ ကညင်ချောင်း၊ ရေနောက်အိုင်ရွာ လမ်းခွဲများကိုဖြတ်သန်း မောင်းနှင်ပြီးရင် ဟိုင်းကြီး-မော်တင်စွန်းလမ်းခွဲ ကိုတွေ့ရမှာဖြစ်ပါတယ်။
လမ်းခွဲမှ ၄ မိုင်ခန့်မောင်းပါက မော်တင်စွန်းသို့ရောက်ပြီဖြစ်ပါသည် မိုင်တိုင် ၉၄ ရောက်တာနှင့် လမ်းချဲ့ပြင်ဆင်ထားတာကြောင့် အရှိန်ဖြင့်မမောင်းသင့်ပါဘူး မိုင်တိုင် ၉၄ မိုင် ၇ ဖာလုံအကျော်တွင် မော်တင်စွန်း ဘုရားအတက် လမ်းကျဉ်းအတိုင်း ညာဘက်သို့ ဂရုတစိုက် ချိုးကွေ့ရမှာဖြစ်ပါတယ်။
မိုင်တိုင် ၉၅ ကိုရောက်ပါက ကပ္ပလီပင်လယ် ကမ်းခြေကို ရောက်ပြီဖြစ်ပါတယ် မော်တင်စွန်းဘုရား အောက်ရင်ပြင်ထိ ကားများတက်ရောက်နိုင်ပြီး စေတီရင်ပြင်မှာ ဘုရားဖူးရင်း ကပ္ပလီပင်လယ် နှင့် ဘင်္ဂလားပင်လယ်ရှုခင်းများကို ကြည့်၍ လတ်ဆတ်သော သဘာ၀လေကို တ၀ကြီးရှူရှိုက် လိုက်ရတယ်ဆိုရင်ပဲ လမ်းခရီး မောပန်းမှုများကို ပြေပျောက်စေနိုင်ပါတယ်။
မြတ်မော်တင်စွန်း ဘုရားပွဲတော် ကို အစဉ်အလာမပျက် တပေါင်းလဆန်း ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ဖေဖော်ဝါရီလ ၁၉ရက်မှ မတ်လ ၅ ရက်နေ့အထိ ၁၅ ရက်သာ အကျဉ်းချုံးကျင်းပရန် ရှိတာကြောင့် ဘုရားဖူးပဲလာလာ၊ အလုပ်ကိစ္စများဖြင့်လာလာ အထောက်အကူ ဖြစ်မည်ဟု ယုံကြည်မိပါတယ်။
မြတ်မော်တင်စွန်းဘုရားသည် ရွှေတိဂုံစေတီတော် နှင့် သမိုင်းတစ်ဆက်တည်း ဘုရားရှင်လက်ထက် ဆံတော်ရှင်စေတီဖြစ်တာကြောင့် လာရောက်ဖူးမြော် စေချင်ပါတယ်။
#မော်တင်စွန်းဘုရား
Photo Credit