11/01/2021
💉👨⚕️"ကူးစက်မြန် မျိုးရိုးဗီဇပြောင်း COVID-19 ပိုးအသစ်အကြောင်း..."👩⚕️💉
ယခုလတ်တလော အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ကူးစက်နှုန်းမြန်နေတဲ့ မျိုးရိုးဗီဇပြောင်းတဲ့ Virus ဆိုတာဟာ deletion 69-70၊ deletion 145၊ N501Y၊ A570D၊ D614G၊ P681H၊ T716I၊ S982A နဲ့ D1118H အစရှိတဲ့ မျိုးရိုးဗီဇပြောင်းလဲမှု (၁၇) ခု ပါရှိပြီး ပြောင်းလဲသွားတဲ့ ထိုမျိုးကွဲပိုးအသစ်ကိုတော့ VUI-202012/01 (Lineage: B.1.1.7) (the first "Variant Under Investigation" in Dec 2020) လို့ နာမည်ပေးထားကြပါတယ်။ အဲ့ဒီ (၁၇) ခုထဲကမှ အရေးအပါဆုံး Mutation ကတော့ N501Y ဖြစ်ပြီး Covid-19 ရောဂါကိုဖြစ်စေခဲ့တဲ့ နဂို SARS-CoV-2 ရောဂါပိုး ထက်စာလျှင် "Spike Protein" လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးရဲ့အပေါ်ဆုံးလွှာ Protein အချွန်အတက်နေရာမှာရှိတဲ့ Protein တစ်ခု အပြောင်းအလဲဖြစ်တာဖြစ်ပါတယ်။ အဲ့ဒါကို N501Y လို့ခေါ်ပြီး လူ့ခန္ဓာကိုယ်ထဲကို ကူးစက်တဲ့အခါမှာ ဦးဆုံးထိတွေ့ရတဲ့အပိုင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် N501Y ဆိုတာဟာ အမိုင်နိုအက်ဆစ်နံပါတ် (၅၀၁) မှာ မူလက N ရှိရာကနေ Y အဖြစ် ပြောင်းလဲသွားတာဖြစ်ပါတယ်။
💉👨⚕️"ကူးစက်ပျံ့နှံ့ရန် အမြန်နှုန်း"👩⚕️💉
ဒီမျိုးရိုးဗီဇပြောင်း Virus အသစ် ဖြစ်တဲ့ VUI/202012/01 ဟာ အခြား SARS-CoV-2 Virus ပိုးများထက် ပိုပြီးကူးစက်ပျံ့နှံ့လွယ်တာကို တွေ့ရှိရပါတယ်။ ဘယ်လောက်အထိ ကူးစက်ပျံ့နှံ့ဖို့ လွယ်ကူသလဲဆိုလျှင် ရာခိုင်နှုန်းအရကတော့ (၅၀) ရာခိုင်နှုန်းကနေ (၇၀) ရာခိုင်နှုန်းအထိ ကူးစက်ပျံ့နှံ့ဖို့ လွယ်ကူပါတယ်။ ဒီနေရာမှာ ရာခိုင်နှုန်းအရ (၅၀) ကနေ (၇၀) ရာခိုင်နှုန်းဆိုတာဟာ အဆ (၅၀) ကနေ အဆ (၇၀) မဟုတ်ဘူးဆိုတာကို တိတိကျကျ ပြောပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေက အဲ့ဒီလိုမျိုး မှားယွင်းပြီး ထင်မှတ်ယူဆတတ်ကြလို့ပဲ ဖြစ်ပါတယ်။ အဆ အနေနဲ့ဆိုလျှင်တော့ နဂိုထက် ၁ ဒသမ ၅ ဆ၊ ၁ ဒသမ ၇ ဆ ပိုပြီး ကူးစက်မြန်တာကို ဆိုလိုပါတယ်။
💉👨⚕️"ရောဂါပြင်းထန်မှုနှုန်း"👩⚕️💉
အဲ့ဒီ မျိုးရိုးဗီဇပြောင်း Covid-19 ပိုးအသစ်ဟာ နှစ်ဆနီးပါး ကူးစက်ပျံ့နှံ့လွယ်တာကို တွေ့ရှိရပေမယ့် ရောဂါပြင်းထန်စေနိုင်စွမ်း များ၊ မများဆိုတာကတော့ အထောက်အထား တိတိကျကျ မတွေ့ရှိရသေးပါဘူး။ ကမ္ဘာအနှံ့က ပညာရှင်တွေ ဆက်လက်ပြီးတော့ ရှာဖွေစုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
💉👨⚕️"ကူးစက်မှုမြန်ရတဲ့ အကြောင်းအရင်းနဲ့ အသက်အရွယ်အရ ကူးစက်မှုနှုန်း"👩⚕️💉
ကူးစက်မြန်ရတယ်ဆိုတာဟာ အဲ့ဒီ Virus က ခန္ဓာကိုယ်ထဲကိုဝင်လာရင် လူ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ACE2 ဆိုတဲ့ လက်ခံပစ္စည်းကို တွယ်ကပ်ပြီး ဝင်ရောက်တာဖြစ်ပါတယ်။
ကလေးနဲ့ လူကြီးတွေကို နှိုင်းယှဥ်ရလျှင် ကလေးတွေမှာ လက်ခံနိုင်တဲ့ ACE2 နည်းတဲ့အတွက်ကြောင့် ယခင်က ပုံမှန်အားဖြင့်ဆိုရင် ပိုးကူးစက်နှုန်းလည်းနည်းပြီး ရောဂါပိုးကြောင့်ဖြစ်တဲ့ ဆိုးရွားလှတဲ့ဝေဒနာတွေကို ခံစားရတာလည်း ကလေးတွေမှာ အဖြစ်နည်းပါတယ်။
ဒါပေမယ့်လည်း အခုမျိုးရိုးဗီဇပြောင်း Covid-19 မျိုးကွဲအသစ်ကတော့ အဲ့ဒီ ACE2 ဆိုတဲ့ လူ့ခန္ဓာကိုယ်ထဲက လက်ခံပစ္စည်းဝင်ပေါက်ကို ပိုမိုချောမွေ့ပြီး ချောချောမောမော၊ မြန်မြန်ဆန်ဆန်နဲ့ ဝင်လို့ရအောင် ရောဂါပိုးအသစ်က လုပ်နိုင်စွမ်းရှိတာကြောင့် ကလေးတွေနဲ့ လူငယ်လူရွယ်တွေကိုပါ လွယ်လွယ်ကူကူ ကူးစက်နိုင်စွမ်းရှိလာစေပါတယ်။
💉👨⚕️"မျိုးရိုးဗီဇပြောင်းရောဂါပိုးအသစ်အပေါ် ကာကွယ်ဆေးများရဲ့အကျိုးသက်ရောက်မှု ရှိ၊မရှိ"👩⚕️💉
လက်ရှိ USFDA က အရေးပေါ် အသုံးပြုခွင့်ရထားတဲ့ mRNA ကာကွယ်ဆေးနှစ်မျိုးမှာ Pfizer/BioNTech ကာကွယ်ဆေးဟာ (၁၆) နှစ်နဲ့အထက်သာ ထိုးနှံရမယ့် ကာကွယ်ဆေးဖြစ်ပြီး Moderna ကာကွယ်ဆေးဟာလည်း အသက် (၁၈) နှစ်နဲ့အထက်မှသာ ထိုးနှံရမယ့် ကာကွယ်ဆေးမျိုးတွေ ဖြစ်ပါတယ်။
ဒါဟာဘာကြောင့်လဲဆိုလျှင် ကလေးတွေမှာ ရောဂါဖြစ်ပွားမှုနှုန်းနည်းနေခဲ့တဲ့အတွက် ကာကွယ်ဆေးကို အမြန်ဆုံးပြည်သူလူထုဆီရောက်ရှိအောင် အမြန်ဆုံးရည်ရွယ်ပြီး စမ်းသပ်ထုတ်လုပ်ရတာဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ Clinical Phase I,II,III လုပ်တဲ့အခါမှာလည်း ကလေးတွေရယ်၊ ကိုယ်ဝန်ဆောင်တွေရယ်အတွက်ဆိုပြီး အရမ်းကိုနည်းပါတယ်။ အရမ်းကိုနည်းတဲ့အတွက်ကြောင့် ကာကွယ်ဆေးက ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်သည်တွေမှာထိုးရင် ဘယ်လောက်ထိစိတ်ချရလဲဆိုတဲ့ ကာကွယ်ဆေးရဲ့စိတ်ချရမှု၊ ဘေးကင်းလုံခြုံမှု၊ ထိရောက်မှုကို မသိနိုင်ပါဘူး။ မသိရှိတဲ့အတွက် Pfizer Vaccine ဆိုလျှင် အသက် (၁၆) နှစ်နဲ့အထက်ပဲ ထိုးရမယ်။ Moderna Vaccine ဆိုလျှင် (၁၈) နှစ်နဲ့အထက်ပဲ ထိုးရမယ်ဆိုပြီး တိတိကျကျ သတ်မှတ်ထားတာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီကာကွယ်ဆေးတွေဟာ ကလေးတွေမှာ စမ်းသပ်ထားခြင်း မရှိသေးလို့ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကာကွယ်ဆေးတွေဟာ Covid လူနာတွေအတွက် ထိရောက်နိုင်ပြီး ဗီဇပြောင်းလဲမှုများလာရင်တော့ ကာကွယ်ဆေး မတိုးနိုင်တော့တဲ့ Virus အဖြစ် ပြောင်းလဲသွားနိုင်ပြီး လူတွေကို ထပ်မံကူးစက်မှုတွေဖြစ်လာနိုင်တာကတော့ ဒီပြောင်းလဲမှုရဲ့ အစိုးရိမ်ရဆုံးအချက်ဖြစ်ကြောင်းကို နိုင်ငံတကာပါမောက္ခများက ပြောကြားထားပါတယ်။
ဒီဖြစ်စဥ်ဟာ တုပ်ကွေး Virus ရဲ့ ဗီဇပြောင်းလဲပုံနဲ့ သဘောတရားတူညီနေပြီးတော့ တုပ်ကွေးကာကွယ်ဆေးဟာလည်း နှစ်စဥ်ပြောင်းလဲပြီး ထုတ်လုပ်နေကြရတာဖြစ်ပါတယ်။ အလားတူအရ Covid ကာကွယ်ဆေးကိုလည်း ပြောင်းလဲထုတ်လုပ်ဖို့ လိုကောင်းလိုလာပါလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်ရှင်။
မြန်မာနိုင်ငံမှာ Covid ကူးစက်မှုတွေ လျော့ကျလာပြီဖြစ်ပေမယ့်လည်း ပြင်းထန်လူနာတွေတော့ များပြားနေဆဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် လူစုလူဝေးလုပ်တာမျိုး၊ တစ်ဦးနဲ့တစ်ဦး အနီးကပ်ထိတွေ့တာမျိုးတွေကို တတ်နိုင်သမျှ ရှောင်ကြဖို့လိုအပ်ကြောင်း သတိပေးထားပါတယ်။ Covid ကာကွယ်ဆေးဟာ အသက် (၁၆) နှစ်နဲ့ (၁၈) နှစ် အထက်တွေသာ ထိုးလို့ရတဲ့ဆေးတွေဖြစ်ပြီး ကလေးတွေအတွက် ထိုးနိုင်တဲ့ကာကွယ်ဆေးမရှိသေးတဲ့အတွက်ကြောင့် လူကြီး၊ လူငယ်မရွေး...
၁။ နှာခေါင်းစည်း Mask တပ်ခြင်း၊
၂။ လက်ကို မကြာခဏ စက္ကန့် (၂၀) ကြာအောင် ဆေးကြောခြင်း၊
၃။ လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေခြင်း တို့ဟာ...
အဓိက ကာကွယ်နိုင်တဲ့ အချက်တွေဖြစ်တာကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကိုတော့ အထူးဂရုစိုက်လိုက်နာကြဖို့ လိုအပ်ပါတယ်ရှင်။
Covid ရောဂါဟာ ရာသီတုပ်ကွေးရောဂါလို ကမ္ဘာပေါ်မှာ နှစ်ပေါင်းများစွာ ဆက်လက်ကူးစပ်နေဦးမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားကာကွယ်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
ပြည်သူအများ အတူသတိထားကာကွယ်ခြင်းနဲ့ ရောဂါအကြောင်း ဗဟုသုတများကို ဖတ်ရှုလေ့လာခြင်း၊ ပြန်လည်ဝေမျှပေးခြင်းတို့ဖြင့် မြန်မာနိုင်ငံကြီးကို ကျန်းမာအောင် စည်းစည်းလုံးလုံး အတူကာကွယ်ကြရအောင်။🤝👨⚕️👩⚕️
#မျိုးရိုးဗီဇပြောင်းရောဂါပိုး